ပျူစောထီး ဆိုသူ အမျိုးသမီး ကျေးရွာဈေးအတွင်း ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပန်းဒလဲကျေးရွာတွင် ဧပြီလ ၂၈ ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်က ပျူစော ထီးအဖွဲ့ဝင် ဟု ဆိုသူ အမျိုးသမီးတစ်ဦး ကျေးရွာဈေးအတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးသွားခဲ့သည် ဟု ရွာသားများက ပြောသည်။
ပျူစောထီးအဖွဲ့ဝင်ဆိုသူ ဒေါ်သန်းသန်းတင့် အသက် ၄၅ နှစ်သည် ကျေးရွာဈေးအတွင်း ဈေးကောက် ကောက်ခံ နေစဉ် အမည်မသိ အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး သေနတ်ဖြင့်ပစ်ခတ်သွားသည်ဟု သိရ သည်။
“ဈေးပြီး ပြန်အထွက်မှာ ဈေးထဲက သေနတ်သံ ၄ ချက် ဆက်တိုက်ကြားရတာ။ အော်ဟစ်ဆူညံသံတွေ ကြားရ ပေမယ့် သွားမကြည့်ရဲဘူး။ ကြောက်လို့ အိမ်ကို ပြန်ပြေးခဲ့ရတယ်” ဟု အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦး က ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူ ဒေါ်သန်သန်းတင့်သည် ယခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ပစ်သတ်ခံရသည့် ပျူစောထီး ခေါင်းဆောင် ဦးဇော်ဆိုသူနှင့် တစ်ဖွဲ့ထဲကဖြစ်ပြီး စစ်ကောင်စီကို ထောက်ခံအားပေးနေသူ တစ်ဦးဖြစ်သည် ဟု ရွာသားတစ်ဦးက ပြောသည်။
အဆိုပါ ပစ်ခတ်မှုကို ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (DDT-တပ်ခွဲ ၃) ရဲဘော်များက သွားရောက် ပြု လုပ်ခဲ့ခြင်းဖြစ်သည် ဟု ဧပြီလ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန် ထားသည်။
သေနတ်အပစ်ခံရသူ အမျိုးသမီးမှာ ကျေးရွာအတွင်းရှိ ဈေးများတွင်လည်း ဈေးကောက် လိုက်ကောက်ပြီး ရရှိ သည့် ငွေကြေးများကို စစ်တပ်ထံ ခွဲဝေပံ့ပိုးပေးနေသူ ဖြစ်ကာ ၎င်းထံတွင် သေနတ်အတိုတစ်လက် ကိုင်ဆောင် ထားသည်ဟု သိရသည်။
သေဆုံးသူ ဒေါ်သန်းသန်းတင့်သည် ကျေးရွာအတွင်း နေအိမ်များအား ကင်းစောင့်ခ လစဉ်ကောက်ခံခြင်းနှင့် ဈေး ကားများတွင် ငွေကြေးကောက်ခံခြင်းများပြုလုပ်လျက်ရှိပြီး တခါတရံတွင် သေနတ်ပစ်ဖေါက် ရမ်းကားတတ် သည်ဟု ရွာသားများက ပြောသည်။
ထိုလုပ်ရပ်များကို ပျူစောထီးအဖွဲ့ဝင်ဆိုသူ ဒေါ်သန်းသန်းတင့်က လုပ်ဆောင်နေသည့်အတွက် ယခုကဲ့သို့ ရှင်း လင်းခဲ့ရခြင်း ဖြစ်သည်ဟု ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (DDT-တပ်ခွဲ ၃) ၏ သတင်းထုတ်ပြန်ချက်ထဲ တွင် ပါရှိသည်။
ယင်းသို့ ပစ်ခတ်ခဲ့မှုကို ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DDT-တပ်ခွဲ ၃) က ၎င်းတို့အဖွဲ့မှ လုပ်ဆောင် ခဲ့ခြင်းသာ ဖြစ်ကြောင်းနှင့် ကျေးရွာနေ ပြည်သူများနှင့် လုံးဝမသက်ဆိုင်ကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ဖေါ်ပြထားသည်။