ပြည်မြို့ ညဈေးတန်း ဆိုင်ခန်းများအား အာဏာပိုင်များက အတင်း ဖယ်ရှား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်။
ပြည်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ် အနီးရှိ ညဈေးတန်း ဆိုင်ခန်းများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ က အင်အားသုံးပြီး ဖြိုဖျက်ခဲ့သည်ဟု သိရသည်။
ဧပြီလ ၂၈ ရက်နေ့၊ နံနက် ၆နာရီ အချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားသုံးပြီး ညစျေးတန်းဆိုင်ခန်း များကို ဘက်ဟိုးဖြင့် ကုတ်ဖဲ့ဖြိုဖျက်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
”နှစ်ပေါင်း မနည်းတော့ဘူး။ နေလာတာ ပြည်မြို့ရဲ့ ပြယုဂ်တခုရှိခဲ့တာ။ မိုးလင်းဆိုင်တွေ သစ်သီးမျိုးစုံတွေ ရောင်းချကြတယ်။ ပြည်မြို့ရောက်သူတိုင်း မသွားမဖြစ်တဲ့ နေရာပေါ့” ဟု အသက် ၅၀ အရွယ် မြို့ခံ အမျိုး သမီးကြီး တစ်ဦး က ပြောသည်။
စစ်ကောင်စီလက်ထက်တွင် ကမ်းနားဘက်တွင် ညဈေးအသစ် တစ်ခု ထပ်မံဖွင့်လှစ်ထားရာ ဗိုလ်ချုပ်မြင်းစီး ရုပ်ထု အနီးရှိ ညဈေးတန်း မရှိစေချင်၍ ယခုကဲ့သို့ လူနေထိုင်သည့် ဆိုင်ခန်းများကို ဖျက်စီးခြင်း ဖြစ်နိုင်သည်ဟု မြို့ ခံများက ပြောဆိုကြသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနပိုင် ဟု ဆိုကာ ယင်းဆိုင်ခန်းများကို ဖြိုဖျက်ရန်အတွက် စစ်ကောင်စီ အင်အား အများအပြား ပါဝင်ပြီး ကမ်းနားလမ်းဘက်မှ လမ်းပိတ်ဆို့ထားကာ ဘက်ဟိုးကားဖြင့် ဖြိုဖျက်ခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံ များက ပြောသည်။
ထိုသို့ ဖြိုဖျက်စဉ် ဘက်ဟိုးမောင်းသူ ထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့သည်ဟုသိရသည်။
”ဘက်ဟိုးမောင်းတဲ့ လူလက်ချောင်းလေးတွေ ပြတ်ထွက်တယ်။ ခေါင်းကွဲသူက တယောက်။ အဓမ္မဖြိုနေတော့ ထိခိုက်တာပေါ့” ဟု အသက် ၅၀ ခန့် အရွယ် မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦး က ပြောသည်။
အဖျက်ခံရသည့် ဆိုင်ခန်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပိုင်ဆိုင်သည်ဟု ဆိုကာ အစိုးရ အိမ်ဥပစာဖြင့် ဖယ်ရှားပေးရန် ယခင်အစိုးရလက်ထက် က စာထုတ်ခဲ့ပြီး နေထိုင်သူများက ဖယ်ရှား မပေး နိုင်ဟု ဆိုကာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သေးဟု သိရသည်။
ပြည်မြို့တွင် လမ်းနယ်နမိတ်နှင့် မလွတ်ကင်းဟု ဆိုကာ နေအိမ်များ၊ ဆိုင်ခန်းများ၊ ကျူးကျော် အဆောက်အဦ များကို ဖြိုဖျက်ရမည်ဆိုသည့် ခြိမ်းခြောက်မှုများ ရှိနေသည့်အပြင် စည်ပင် အခွန်ဆောင်ရမည် ဟု ပြောဆိုမှုများ ပါရှိနေပြီး လက်ရှိအခြေအနေကို လူအများစု စိုးရိမ်သောက ဖြစ်နေကြသည်ဟု သိရသည်။