တနင်္သာရီ မြို့နယ်အတွင်း ချောင်းကူးလာသော စစ်ကောင်စီ တပ်သားများ ပစ်ခတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်။

တနင်္သာရီမြို့၊ သိန္ဒောကျေးရွာအုပ်စု အနောက်ဘန်းပြည့်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် နယ်မြေရှင်းလင်းရန်ဟု ဆိုကာ ချောင်းကူးလာစဉ် ပစ်ခတ်ခံရမှုတွင် ၆ ဦး သေဆုံးသွား သည်ဟု ဒေသခံများက ပြောသည်။

မေလ ၁၈ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် ချောင်းတဖက်ကမ်းသို့ လှေဖြင့်ကူးလာစဉ် အနောက်ဘန်းပြည့် ကျေးရွာ အရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆီးကြိုတိုက်ခိုက်သဖြင့် နှစ်ဖက်ကြား ၁ နာရီခန့် အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည် ဟု သိရသည်။

နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုအတွင်း လှေပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး နှင့် လှေမောင်းသူ အရပ်သား တစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု သတင်းရရှိထားကြောင်း ဘန်းပြည့်ရွာသား တစ်ဦး က ပြောသည်။

အသက် ၃၅ နှစ်အရွယ် ဘန်းပြည့်ရွာသား တစ်ဦး က “တိုက်ပွဲဖြစ်တာနဲ့ တရွာလုံးထွက်ပြေးကုန်တာ။ အခု ရွာထဲ မှာ လူတယောက်မှ မရှိတော့ဘူး” ဟု ပြောသည်။

နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆုတ်ခွာသွားခဲ့ပြီး ၎င်းတို့ ဆုတ်ခွာရာ လမ်း ကြောင်းဘက်သို့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြော သည်။

အနောက်ဘန်းပြည့်ကျေးရွာနှင့် သိန္ဒောကျေးရွာတို့သည် ချောင်းတဖက်တကမ်း မျက်နှာချင်းဆိုင် ကျေးရွာများ ဖြစ်ကြပြီး စစ်ကောင်စီတပ်ဖွဲ့က သိန္ဒောကျေးရွာတွင် တပ်စွဲထားခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

မကြာခဏဆိုသလို သိန္ဒောကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံ ပြည်သူ့ကာကွယ် ရေး ပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်လေ့ရှိသည် ဟု ဆိုသည်။

မေလ ၁၈ ရက်နေ့က တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုကို ထုတ်ပြန်ကြေငြာထားခြင်း မရှိသေးသဖြင့် အတည်ပြုနိုင်ရန် သတင်းနှင့်မီဒီယာကွန်ယက်သတင်းဌာနက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။