ထွေအုပ်ရုံး စာရေးနှင့် ကြံ့ဖွံ့ပါတီဝင် ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်။
ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ရပ်ကျေးရုံးစာရေး၊ ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး လောင်းလုံမြို့နယ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ဒေသခံရွာသားများက ပြောသည်။
ရပ်ကျေးစာရေးဖြစ်သူ ဦးဝေစိုးသည် ဇနီးဖြစ်သူနှင့် အတူ ဆိုင်ကယ်စီးလာစဉ် ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် တောင်မင်းပြောင်ကျေးရွာနှင့် ခမောင်းတောင်ကျေးရွာအကြား လမ်းပိုင်း တစ် နေရာတွင် အမည်မသိ လူနှစ်ဦးက ဆိုင်ကယ် ဖြင့် အနောက်မှ လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ဦးဝေစိုးမိန်းမက ကြောက်လန့်ထွက်ပြေးလာပြီး ရွာမှာ လာအကူအညီတောင်းမှ ရွာသားတွေသိကြရတာ။ အလောင်းကို အရေးပေါ်ကားနဲ့ ထားဝယ်ဘက် သယ်သွားတယ်လို့ကြားရတယ်” ဟု အသက် ၃၅ နှစ်အရွယ် တောင်မင်းပြောင်ရွာသားတစ်ဦးက ပြောသည်။
မေလ ၁၇ ရက်နေ့၊ ညနေ ၃ နာရီခန့်က လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ-လောင်းလုံး) နှင့် Dawei Guerrilla Revolution Force (DGRF)အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု DGRFအဖွဲ့က မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန် ထားသည်။
သေဆုံးသူ ဦးဝေစိုးသည် ထားဝယ်မြို့ပေါ်တွင် နေထိုင်သူဖြစ်ပြီး မကြာခဏဆိုသလို လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများဆီသို့ အစည်းအဝေးများ ပြုလုပ်ရန် ရောက်လာလေ့ရှိသူ ဟု သိရသည်။
ဦးဝေစိုး၏ စစ်ကောင်စီထံ သတင်းပေးမှုများကြောင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ လူငယ်အတော် များ များလည်း ဖမ်းဆီးခံကြရပြီး တိမ်းရှောင်နေကြရသူများလည်း ရှိသည်ဟု ဒေသခံများက စွပ်စွဲပြောဆိုမှု များ လည်း ရှိသည်။
ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ လမ်းသွားလမ်းလာ ယာဉ်များနှင့် အနီးဝန်း ကျင်က ရွာသားများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ရွာသားတစ်ဦးကပြောသည်။
ဦးဝေစိုးသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေး လုပ်ငန်းများကို အမြဲမပြတ် လုပ်ဆောင်နေခြင်း၊ ဆန္ဒပြ သပိတ်တွင် ပါဝင်သူ လူငယ်များအား စစ်တပ်ထံ သတင်းပေးပို့ခြင်း နှင့် CDM သမားများကို ခြိမ်းခြောက်နေသည်ဟု တိုင်ကြားမှုများ ရရှိထားသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု DGRF အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယခုဖြစ်စဉ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ပြီး ပြည်သူများနှင့် မသက် ဆိုင်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းရေးသားထားသည်။