စစ်ကောင်စီကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီ ၆ ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်။

မြိတ်ခရိုင် ပုလောမြို့နယ်တွင် စစ်ကောင်စီ၏ ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာသူများလည်း ရှိသည်ဟု ရွာသားများက ပြောသည်။

မိုင်းဆွဲခံရချိန် စစ်သား ၄ ဦး အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ကာ ပုလောမြို့ ပြည်သူ့ဆေးရုံကြီး တွင် ၂ ဦးထပ်မံသေဆုံးပြီး၊ အရေးပေါ် ဒဏ်ရာရလူနာ ၅ ဦးလည်း ဆေးကုသနေရသည်ဟု ပုလောဆေးရုံကြီးနှင့် နီးစပ် သူတစ်ဦး က ပြောသည်။

“ဝုန်းဆိုပြီး အသံအကျယ်ကြီး ကြားရတော့ ကြောက်ပြီး အိမ်တံခါးတွေနဲ့ မီးတွေပိတ်ပြီး ငြိမ်နေရတယ်။ ပြီးမှ သေနတ်သံတွေ ကြားရတာ။ မနက်မိုးလင်းသွားကြည့်တော့ မိုင်းထိသွားတဲ့ စစ်ကားတစ်စီးတွေ့ရတယ်။ ချက် ကောင်း ထိသွားတာထင်တယ်” ဟု အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။

ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မင်းထိန်ကျေးရွာအနီးတွင် ဇွန်လ ၁ ရက်နေ့ ညက မိုင်းဆွဲတိုက် ခိုက်ခံရခြင်း ဖြစ်သည်ဟု သိရသည်။

မြိတ်မြို့မှ ပုလောမြို့ ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားနှစ်စီးကို
King Cobra တပ်ဖွဲ့က ဦးဆောင်ပြီး Ghost Ranger တပ်ဖွဲ့၊ တနင်္သာရီပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းပြီး မိုင်း နှစ်လုံး အသုံးပြုကာ ကဒဲကျေးရွာနှင့် မင်းထိန်ကျေးရွာအကြားတွင် တိုက်ခိုက်ခဲ့သည်ဟု King Cobra တပ်ဖွဲ့ က ဇွန်လ ၂ ရက်နေ့ နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဘက်အပြန်အလှန် ဆယ်မိနစ်ခန့် ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး၊ ၇ ဦးကျော် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက် မှ အထိအခိုက် မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အလားတူ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဒေသအတွင်း လောင်းလုံးမြို့မ ရဲစခန်းမှ ကင်းလှည့်လာသည့် စစ်ကောင်စီ ကားနှစ်စီးလည်း ဇွန်လ ၂ ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကို လောင်းလုံး ပြည်သူ့ကာကွယ်ရေး အဖွဲ့(LLPDF) နှင့် Dawei Defense Team-DDT တပ်ခွဲ (၃)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု LLPDF အဖွဲ့က ထိုနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ဇွန်လ ၁ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့် မြိတ်-ပုလောသွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင် စီယာဥ်တန်းများကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းမှာပင် ပုလောမြို့နယ်၊ မြိတ် – ပုလော လမ်းမကြီးပေါ်ရှိ ကဒဲကျေးရွာအနီးတွင်လည်း ဆက်တိုက်ဆိုသလို စစ်ကောင်စီတပ်၏ ယာဥ်တန်း ၂ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ခန့် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိသွားခဲ့ သည်ဟု ဒေသအတွင်းရှိ PDF အဖွဲ့က အသီးသီး သတင်းထုတ်ပြန်ထားသည်။