ပုသိမ်တွင် ဓါတ်ဆီဆိုင် အများအပြား အရောင်းရပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်။
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် စက်သုံးဆီဖြစ်သည့် ဒီဇယ်နှင့် ဓာတ်ဆီ ပြတ်လပ်မှုကြောင့် ဆီပန့်ဆိုင်ကြီး အများ အပြား အရောင်းရပ်ဆိုင်းသွားပြီးဟု သိရသည်။
ပုသိမ်မြို့ပေါ်တွင် ဆီပန့်ဆိုင်ကြီး ၁၇ ဆိုင် ခန့် ရှိသည့်အနက် ၁၃ ဆိုင်ခန့် အရောင်းရပ်ဆိုင်း နေသည်မှာ ရက် သတ္တတစ်ပတ်နီးပါးရှိနေပြီ ဟု မြို့ခံများက ပြောသည်။
“သီလဝါခွဲတန်းက ရန်ကုန် မန္တလေး နဲ့ နေပြည်တော် ပြီးတော့ စစ်တပ်တွေကို ဦးစားပေးနေတော့ လိုအပ်ချက် ကို မပြည့်မှီဘူး” ဟု စက်သုံးဆီရောင်းသည့် လုပ်ငန်းရှင်တစ်ဦး က ပြောသည်။
ပုသိမ်မြို့အတွင်း ဆီပြတ်လပ်မှုမှာ မြို့အတွက် သီလဝါဆိပ်ကမ်းမှ ရရှိသည့် စက်သုံးဆီ ခွဲတမ်းက ၃ ရက်လျှင် တစ်ကြိမ် ဂါလံ ၇၅၀၀ Boxer တစ်စီးသာ ရရှိသောကြောင့်ဖြစ်သည် ဟု စက်သုံးဆီရောင်းသည့် လုပ်ငန်းရှင်များ ထံမှ သိရသည်။
ခွဲတမ်းရရှိသည့် ဂါလံ ၇၅၀၀ မှာ ပုသိမ်မြို့အတွင် ၃ ရက်ခန့်သာ ရောင်းချနိုင်သဖြင့် ရရှိသည့် စက်သုံးဆီ အား လက်လီလက္ကား ရောင်းချသူများကို မျှဝေကာ ရောင်းချပေးနေရသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။
ဆီပန့်ဆိုင်ကြီးများက ဝယ်လိုအားကို ပြည်မှီအောင် ဖြန့်ဝေရောင်းချနိုင်ခြင်း မရှိသဖြင့် ခရီးသွား ပို့ဆောင်ရေး လုပ်ငန်းအပြင် အသေးစား၊ အလတ်စား အိမ်တွင်းမှု စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူနေများလည်း အခက်အခဲ များနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။
“ဓာတ်ဆီစျေးက အဆမတန်တက် နေတော့ ဆိုင်ကယ် တက္ကစီ (Taxi) စျေးကလည်း တစ်ထောင် ခရီးကို နှစ် ထောင်နဲ့မှ လိုက်နိုင်တော့တယ်” ဟု ပုသိမ်မြို့က ဆိုင်ကယ်တက္ကစီမောင်းသူ ကိုလှသန်းက ပြောသည်။
စက်သုံးဆီ ဝယ်ယူရာတွင် တန်းစီစောင့်ဝယ်ရခြင်း၊ လိုအပ်သည့်ပမာကို လိုအပ်သည့်အချိန်တွင် ဝယ်ယူခွင့် မရ ခြင်းစသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်ဟု မြို့ခံများက ပြောသည်။
ထိုသို့သော အခြေအနေများကြောင့် ဓာတ်ဆီစျေးမြင့်တက်ပြီး Taxi ငှားရမ်းခများလည်း မြင့်တက်လာကာ ဆိုင် ကယ်တက္ကစီနှင့် သုံးဘီး (အိုးဝေ) ငှားစီးသူ နည်းပါးလာသည်ဟု တက္ကစီမောင်းသူများက ပြောသည်။
စက်သုံးဆီ လုံလောက်မှု မရှိဘဲ စျေးနှုန်းအဆမတန် မြင့်တက်လာခြင်းမှာ စစ်တပ်က အာဏာသိမ်းပြီး နောက် ပိုင်း နိုင်ငံခြား ငွေကြေးဈေးကွက်ကို ထိန်းချုပ်လိုက်သည့်အတွက် စက်သုံးဆီကို လိုသလောက် တင်သွင်းခွင့် မရ တော့ဘဲ ဝယ်လိုအား နှင့် ရောင်းလိုအား မမျှသောကြောင့် ဖြစ်သည်ဟု ပုသိမ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်အချို့ ကသုံးသပ်နေကြသည်။
ပုသိမ်မြို့တွင် စစ်ကောင်စီ၏ ဇွန်လဆန်း သတ်မှတ်ရောင်းစျေးမှာ ဓာတ်ဆီ 92 တစ် လီတာ ၂၂၀၀ ကျပ်၊ ဓာတ် ဆီ 95 တစ်လီတာ ၂၅၅၅ ကျပ်၊ ဒီဇယ် တစ်ဂါလံ ၂၃၁၂၅ ကျပ်ဖြစ်သည်ဟု စက်သုံးဆီရောင်းဝယ်သူများက ပြော သည်။
ယခင် NLD အစိုးရလက်ထက် ၂၀၂၁ နှစ် ဇန္နဝါလ သတ်မှတ်ရောင်းစျေးမှာ ဓာတ်ဆီ 92 တစ်လီတာ ၇၀၀ ကျပ်၊ ဓာတ်ဆီ 95 တစ်လီတာ ၇၅၀ ကျပ်၊ ဒီဇယ်တစ်ဂါလံ ၉၉၀ ကျပ် သာ ရှိခဲ့ခြင်းဖြစ်သည်ဟု ပုသိမ်မြို့ခံများနှင့် မြို့တွင်းက လုပ်ငန်းရှင်များက ပြောသည်။