လောင်းလုံး မြို့နယ်အတွင်း သွေးသောက်တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း သွေးသောက်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု ရွာသားများက ပြောသည်။
လောင်းလုံးမြို့နယ်၊ ကျောက်ပုံကျေးရွာတွင် ငွေကြေးလိုက်လံကောက်ခံနေသည့် သွေးသောက်အဖွဲ့ဝင် ဦးအေး ဖေ အသက် ၅၀ နှစ် ဆိုသည် ဇွန်လ ၄ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်က သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရခြင်း ဖြစ် သည်ဟု သိရသည်။
အသက် ၃၀ အရွယ် ရွာသားတစ်ဦးက “သေနတ်သံ သုံးလေးချက်ကြားရတယ်၊ ညဘက်ဆိုတော့ သွားမကြည့်ရဲ ဘူး။ မနက်ကြမှ အလောင်းကို လူနာတင်ကားနဲ့ ထားဝယ်ဆေးရုံ ပို့လိုက်တာမြင်တယ်” ဟု ပြောသည်။
ဦးဖေအေး နေအိမ်တွင်ရှိနေစဉ် အမည်မသိ လူတစ်စုက လာရောက်ပစ်ခတ်ခဲ့ရာ ဦးခေါင်းနှင့် ရင်ဘတ် တို့တွင် ကျည် ၃ ချက်ထိမှန်ခဲ့ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည် ဟု ရွာသားတစ်ဦးကပြောသည်။
သွေးသောက်အဖွဲ့ဝင်ဟု ဆိုသူ ဦးဖေအေး ကို Dawei Defense Team-DDT တပ်ခွဲ (၃) က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည် ဟု ၎င်းအဖွဲ့က ဇွန်လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
ဦးဖေအေးသည် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFများထံ ထောက်ပံ့ပေးမည်ဟု အကြောင်းပြ ပြောဆိုကာ လုပ်ငန်းရှင် ပြည်သူအချို့ထံမှ ငွေကြေးကောက်ခံမှုများလုပ်ဆောင်ခြင်းကြောင့် ယခုကဲ့သို့ ပစ်ခတ်ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
ဦးဖေအေးသည် ဆန္ဒပြလူငယ်များ၏ အချက်အလက်များကိုလည်း မှတ်တမ်းယူကာ စစ်ကောင်စီထံ သတင်း ပေးလေ့ရှိသည်ဟုလည်း ရွာများက ပြောသည်။
ထို့အပြင် သွေးသောက်အဖွဲ့ဝင်ဟု ဆိုသူ ဦးဖေအေးသည် ငွေကြေးလိမ်လည်မှုများ ရှိနေသည်ဟုဆိုပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏဆိုသလို သတိပေးခံထားရသူလည်း ဖြစ်သည်ဟု ရွာသားများက ဆို သည်။
ဦးဖေအေးအား ပစ်ခတ်မှုသည် Dawei Defense Team တပ်ခွဲ့ (၃) နှင့်သာ သက်ဆိုင်ပြီး ကျေးရွာနေ ပြည်သူများ နှင့် လုံးဝ(လုံးဝ) မသက်ဆိုင်ကြောင်းကိုလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။