ထိုင်းနယ်စပ်-ထားဝယ်လမ်းကြောင်း စစ်ကောင်စီ ယာဉ်တန်း ၃ ကြိမ် တိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်။

ထိုင်းနယ်စပ်မှ ထားဝယ်သို့ သွားရာ လမ်းတွင် စစ်ကောင်စီ ယာဉ်တန်းသည် လမ်းခရီးတလျောက် ၃ ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမျု များသည်ဟု ဒေသခံများက ပြောသည်။

ထားဝယ်ခရိုင် ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ကျောက်မဲတောင်ကျေးရွာမှ ထားဝယ်မြို့ဘက်သို့ ဆင်းလာသည့် ကား ၁၀ စီးပါ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းသည် လမ်းခရီးတစ်လျှောက်တွင် ၃ ကြိမ် တိုင် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ဝကုန်းကျေးရွာအနီးတွင် မိုင်းဆွဲခြင်း ၁ကြိမ်၊ သင်္ကန်းတုန်းကျေးရွာအနီး နှင့် သရက်ငုတ်ကျေးရွာအနီးတို့တွင် ပစ်ခတ်တိုက်ခိုက်ခံရမှု ၂ ကြိမ်၊ စုစုပေါင်းသုံးကြိမ် လမ်းခရီးတစ်လျှောက်တွင် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

“ဝုန်း ဆိုပြီး အသံတော့ကြားလိုက် ရတယ်။ စစ်တပ်ဘက်က ပြန်ပစ်တဲ့ သေနတ်ပစ်သံမျိုးတွေလည်း ကြားရ တယ်။ တောထဲမှာ ရှောင်နေရတာဆိုတော့ ဘာဖြစ်တာလဲဆိုတာ တိတိကျကျမသိဘူး” ဟု အသက် ၃၅ နှစ် အရွယ် ဝကုန်းကျေးရွာသား တစ်ဦးက ပြောသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံရွာသားများက စိုးရိမ်ကြောက်လန့်က အနီးအနားရှိ တောတောင် များထဲတွင် ပုန်းအောင်းနေနေကြရသည်ဟု အဆိုပါ ဝကုန်းကျေးရွာသားက ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရမှု ၃ ကြိမ်အတွင်း စစ်ကောင်စီဘက်ကလည်း ပြန်လှန်ပစ်ခတ်မှု အနည်းငယ်ရှိခဲ့သည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ Estern Defense Force အဖွဲ့ဝင်တစ်ဦး က ပြောသည်။

စစ်ကောင်စီ ယာဉ်တန်း ၃ ကြိမ် တိုက်ခိုက်ခံရမှုကြောင့် ဝကုန်းကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေ ဆုံးပြီး၊ နှစ်ဦးဒဏ်ရာရခဲ့ကာ သင်္ကန်းတုန်းကျေးရွာအနီးနှင့် သရက်ငုတ်ရွာအနီး တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦး ခန့်သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု Estern Defense Force အဖွဲ့ဝင်တစ်ဦး က အတည်ပြု ပြောသည်။

ကျောက်မဲတောင်ကျေးရွာ နယ်မြေခံရဲစခန်းမှ စတင်ထွက်ခွာလာသည့် အင်အားတစ်ရာကျော်ခန့် ပါဝင်သော စစ်ကောင်စီ တပ်ဖွဲ့ယာဉ်တန်းအား ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ် သည် ဟု သိရသည်။

တိုက်ခိုက်ခဲ့သည့် စစ်ယာဉ်တန်းကားပေါ်တွင် စစ်လက်နက်ပစ္စည်းများနှင့် စစ်သားအချို့ကိုသာ တင်ဆောင်ထား သည်ကို တွေ့ရပြီး စစ်သားအများစုက ကားများ၏ရှေ့မှ ပွိုင့်ခြေလျှင် လျှောက်ရင်း လမ်းတစ်လျှောက် ရမ်း သမ်းပစ်ခတ်သည်များ ပြုလုပ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ယင်းသို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း နှစ်ဘက်ထိခိုက်သေဆုံးမှုစာရင်း အတည်ပြုနိုင်ရန် သတင်းနှင့် မီဒီယာကွန်ယက် သတင်းဌာနမှ ဆက်လက်စုံစမ်းလျက်ရှိသည်။

ထားဝယ်-ထီးခီးလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းများ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်းကြောင့် ၎င်းလမ်းတလျှောက်ရှိ ကျေးရွာများတွင် နေထိုင်ကြသည့် ရွာသားများမှာ စိုးရိမ်ကြောက်လန့်ကာ နေအိမ်များစွန့်ခွာ၍ ဘေးလွတ်ရာ တောတောင်များအတွင်း ရှောင်တိမ်းနေကြရသည်ဟု ဒေသခံများ က ပြောသည်။