ပင်းတယ စစ်ဆေးရေးဂိတ်ပစ်ခတ်မှု အရပ်သား ထိခိုက်မှုရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန် ၂၉ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်း စစ်ဆေးရေးဂိတ်တစ်ဂိတ်တွင် မြို့ပြပြောက်ကျားတပ်ဖွဲ့တဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှု ဖြစ်ပွားရာ အရပ်သားပြည်သူ ၅ ဦးခန့် ထိခိုက်မှုရှိခဲ့သည့်အပြင် စစ်ကောင်စီဘက်ကလည်း သေဆုံးမှု ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပင်းတယမြို့၏ မြောက်ဘက် ထွက်ပေါက်ဖြစ်သည့် မြောက်ကျောင်းကြီး စစ်ဆေးရေးဂိတ်တွင် မြို့ပြ ပျောက် ကြား အဖွဲ့တစ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ ဇွန်လ ၂၉ ရက်နေ့ (ယနေ့)တွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ခဲ့ခြင်း ဖြစ်သည်။
မြောက်ကျောင်းကြီးဂိတ် အနီးတွင် နေထိုင်သူ ပင်းတယ ဒေသခံ တစ်ဦးက “အဲ့ဒီ ဂိတ်မှာက စစ်သားတွေ စစ်နေ ကြပဲ။ အဲ့လိုစစ်တော့ ဒီမနက် အရပ်သား နှစ်ယောက်က ဘာပါလာလဲတော့ မသိဘူး။ သူတို့ တားတာကို ရပ်မ ပေးပဲ ဆိုင်ကယ် မောင်းပြေးတယ်။ အဲဒီတော့ စစ်သားတွေက လိုက်ပစ်တယ်။ ဆက်တိုက်ကို ပစ်တာ။ ဆိုင် ကယ် နောက်လိုက်စီးတဲ့ သူက ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ နာရီဝက်လောက် ကြာတော့ ပြောက်ကျား အဖွဲ့က ကားနဲ့ ပြန်လာပစ်တာ။ ပစ်ခတ်သံတွေ ဒိုင်းဒိုင်းနဲ့ ဆက်တိုက်ပဲ” ဟု ပြောသည်။
ယနေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှာ ဆိုင်ကယ်မောင်းလာသည့် အရပ်သား နှစ်ဦး အား ဆိုင်ကယ် ရပ်မပေးသောကြာင့် စစ်ကောင်စီ တပ်သားများမှ လိုက်လံ ပစ်ခတ်ခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားနှစ်ဦးအား ပစ်ခတ်ပြီး နာရီဝက်ခန့်အကြာတွင် ဒေသတွင်း ပြောက်ကျား တပ်ဖွဲ့က ကားဖြင့် လာရောက်ပြီးနောက် တောင်ပေါ်ကြီးလမ်းဘက်မှ ထိုစစ်ဆေးရေးဂိတ်အား ပစ်ခတ်ခဲ့သည် ဟု သိရသည်။
ထိုသို့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်ကြရာ ရဲကင်းတွင် ဝပ်နေသည့် စစ်သားတစ်ဦး သေဆုံးပြီး ကျန်တစ်ဦးမှာ ဒဏ်ရာရသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ထိုနောက် ၎င်းတို့အား ကားပေါ်ဆွဲတင်သွားသည်ကို မြင်တွေ့လိုက်ရသည်ဟု အနီးအနားတွင် ရှိနေသည့် ဒေသခံက ပြောသည်။
မြောက်ကျောင်းကြီး စစ်ဆေးရေးဂိတ် ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရမ်းသန်း ပစ်ခတ်မှုများ ကြောင့် အနီးအနားက ပြည်သူ ၄ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။
အလားတူ မတ်လ ၄ ရက်နေ့တွင်လည်း ပင်းတယမြို့ တောင်ဘက်ရှိ ကျုံးရဲကင်းစခန်းကို ဒေသခံ ပြောက်ကျား အဖွဲ့က ဗုံးဖောက်ခွဲခဲ့သည့်အပြင် ဧပြီလ ၄ ရက်နေ့တွင်လည်း ပင်းတယ မြို့အနီးရှိ စစ်ကောင်စီတပ်၏ စစ်ဆေး ရေး ဂိတ်လည်း ဝင်ရောက်တိုက်ခိုက်မှုခံခဲ့ရသည်ဟု ဒေသခံတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
ထို့ပြင် ဇွန်လ (ယခုလ) ၂၀ ရက်နေ့တွင်လည်း စစ်ကောင်စီသတင်းပေး ဒလန် ဟု ယူဆရသည့် ပင်းတယမြို့၏ USDP ပါတီ ဒု-ဥက္ကဋ္ဌ ဦးကျော်ငြိမ်းအား ချိုးဖြူ ပြောက်ကြား အဖွဲ့က ပစ်ခတ် ရှင်းလင်းနိုင်ခဲ့သည်ဟု သတင်း ထုတ်ပြန်ထားသည်။
ပင်းတယမြို့သည် မြေအောက် တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့များ အားကောင်းသည့် ရွာငံမြို့နှင့် ထိစပ်မှု ရှိသည်နှင့်အညီ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ ဒလန်များ ရှင်းလင်းခြင်း စသည့် စစ်ဆေးရေးများ မကြာခဏ ပြုလုပ်လျက် ရှိသည်ဟု သိရသည်။
ထိုကဲ့သို့ ပြောက်ကျား စစ်ဆင်ရေးများ မကြာခဏ ကြုံတွေ့နေရသောကြောင့် စစ်ကောင်စီတက်ဘက်ကလည်း ဒေသခံ အရပ်သားပြည်သူများအား ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည့်အတွက် ဒေသခံများ က စိုးရိမ် ကြောက်လန့် နေကြသည်။
ဓါတ်ပုံ – Wikipedia