ဆန္ဒ သဘောမပါပဲ ထည့်သွင်းခံထားရသည့် လုံခြုံရေး အဖွဲ့မှ မြို့မိမြို့ဖ တစ်ဦး နှုတ်ထွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်က စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့လုံခြုံရေး ကြီးကြပ်မှု အဖွဲ့ဖွဲ့စည်းပြီး နောက် ၅ ရက် အကြာတွင် အဖွဲ့ဝင် မြို့မိမြိုဖ တစ်ဦးနုတ်ထွက်သွားသည်ဟု သိရသည်။

ကြီးကြပ်မှု အဖွဲ့ဝင်ဖြစ်သည့် မြို့မိမြို့ဖ ဦးဝင်းဇော် က ဇွန်လ ၂၇ ရက်နေ့ က နှုတ်ထွက်စာတင်ထားသည်ဟု ဟင်္သာတမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နှင့် နီးစပ်သူများက ပြောသည်။

ဟင်္သာတခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဝန်ထမ်းတစ်ဦး က “ဦးဝင်းဇော်က ကျန်မာရေး မကောင်း လို့ နုတ်ထွက်စာ တင်ထားပါတယ်။ နုတ်ထွက်ခွင့် ပြုမပြုတော့ လူကြီးတွေက ဘာမှ မပြောသေးဘူး” ဟု အ တည်ပြုပြောသည်။

ဇွန်လ ၂၂ ရက်နေ့က စတင်ဖွဲ့စည်းလိုက်သည့် ဟင်္သာတ မြို့ နယ် ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့တွင် ဥက္ကဋ္ဌ က ဗိုလ်မှူးကျော်စွာထွန်း၊ ဒု-ဥက္ကဌ က မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲထွဋ်အောင်နှင့် အဖွဲ့ဝင် ၁၃ ဦး ပါဝင်ပြီး ဦးဝင်းဇော် ကို မြို့မိမြို့ဖအဖြစ် စစ်ကောင်စီက ထည့်သွင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါဝန်ထမ်းက ဆက်ပြောသည်။

မြို့မိမြို့ဖ အဖြစ် အမည်စာရင်း ထည့်သွင်းခံရချိန်တွင် ဦးဝင်းဇော်မှာ ပြည်ပနိုင်ငံ တစ်ခုတွင် ဆေးကုသနေချိန် ဖြစ်ပြီး ဟင်္သာတမြို့ နယ် ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့ဝင် အဖြစ် ၎င်း၏ ဆန္ဒမပါဘဲ ထည့်သွင်းခံခြင်းဖြစ် သည်ဟု မိသားစုဝင်များက ပြောသည်။

ဦးဝင်းဇော်၏ မိသားစုဝင်တစ်ဦးက “အဖွဲ့က နှုတ်ထွက်တဲ့ အကြောင်းကြားစာကိုလည်း ခရိုင်ရုံးကို ပို့ပြီးပါပြီ။ ဒီကိစ္စဟာ မိသားစုလုံခြုံရေးကို အများကြီး စိုးရိမ်ပူပန်စေပါတယ်” ဟု ပြောသည်။

အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်စာလိုက်သည့် ဦးဝင်းဇော်သည် ဟင်္သာတမြို့ရှိ မိသားစုရွှေဆိုင်နှင့် မိသားစုဟိုတယ် လုပ်ငန်းတို့ကို ပိုင်ဆိုင်သည့် လုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး လူသိများ ထင်ရှားသူတစ်ဦးလည်း ဖြစ်သည်ဟု ဟင်္သာ တမြိုခံများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်သည် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် ပြည်သူ့ လုံခြုံရေးအဖွဲ့များကို ဇွန်လ တတိယ အပတ်အတွင်းမှ စတင်၍ အပူတပြင်း ဖွဲ့စည်းနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။