ကရင်နီ Gen Z လက်နက်ကြီးထုတ်ရန် ရံပုံငွေ လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။

ကယား (ကရင်နီပြည်နယ် အတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည့် Karenni Generation Z (KGZ) အဖွဲ့သည် လက်နက်ကြီးများ ထုတ်လုပ်ရန်အတွက် ရန်ပုံငွေများ လိုအပ်နေသည်ဟု အဖွဲ့ ထံမှ သိရသည်။

လက်လုပ် လက်နက်ကြီးများ ဖြစ်သည့် ၇၀-မမ နှင့် ၁၃၀-မမတို့ ထုတ်လုပ်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ ထုတ် လုပ်နိုင်ရန်အတွက်လည်း ပြည်သူများ၏ အကူအညီများ လိုအပ်နေသည်ဟု KGZ မှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။

KGZ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက “အလှူငွေပြတ်တာတော့ ၃ လရှိပြီ။ အလှူရှင် အနည်းငယ် ရှိကြပေမယ့် စားစရိတ်လောက်ပဲရတာ။ အခုလိုအပ်တာက လက်နက်ကြီး တပ်ဆင်ဖို့ ကားကြီး တစ်စီးအတွက် ကားဖိုး ပိုက်ဆံ ချေရမယ်။ ကားလည်း ပြင်ရဦးမှာမို့ အားနာနာနဲ့ပဲ အကူညီတောင်းပါတယ်” ဟု ပြောသည်။

KGZ အနေဖြင့် ပြီးခဲ့သည့် ဇွန်လတွင်လည်း ဘဏ္ဍာရေး အခက်အခဲများကြောင့် လက်နက်ကြီးများ တပ်ဆင် ထုတ်လုပ်ရန် ကရိန်းကားဖိုး နှင့် M4-A1 အသစ်တစ်လက်ဖိုး တို့ကို အကြွေးယူထားရသည်ဟု ဆိုသည်။

ထို့ကြောင့် ၎င်းတို့ ပိုင်ဆိုင်သည့် AK-22 တစ်လက်နှင့် M16-A1 တစ်လက်ကို ရောင်းချ၍ ကရိန်းကားဖိုးနှင့် M4-A1 အတွက် ပေးချေမည်ဟု ကြေငြာထားသည်ဟု အဖွဲ့တာဝန်ရှိသူက ဆိုသည်။

KGZ အဖွဲ့သည် လက်ရှိ မဟာမိတ်များဖြစ်သည့် ကရင်နီ ဒီမိုကရက်တစ်တပ်ဦး – Karenni Democratic Front (KDF)၊ Fight For Justice-JPDF၊ GZ-21-PDF၊ Medic Unit- Demoso စသည့် အဖွဲ့များနှင့် Karenni Revolution Union (KRU) တပ်ပေါင်းစုဟု ဖွဲ့စည်းထားပြီး တိုက်ပွဲများ ဖော်ဆောင်နေသည်ဟု သိရသည်။

အဆိုပါ KRU အနေဖြင့် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် စစ်ကောင်စီ တပ်နှင့် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ပြီး KRU ဘက်မှ ရဲဘော်တစ်ဦး ခြေထောက်ပြတ် ဒဏ်ရာနှင့် အခြား ၅ ဦးလည်း လက်နက်ကြီး ကျည်စထိမှန်သည့် ဒဏ်ရာရရှိခဲ့သည်။