ဖမ်းဆီးခံ ဘီးလင်းအမတ် အလောင်းအဖြစ် ပြန်တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း၏ ရုပ်ပျက်နေသော အလောင်းကို ဇူလိုင် ၆ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု NLD ပါတီနှင့် နီးစပ်သူများက ပြောသည်။

ဦးကျော်မျိုးမင်းသည် ပါတီဝင် ဦးပန်းမြင့်၊ ဦးကိုကိုမောင်၊ ရွာသားတစ်ဦးတို့နှင့်အတူ ဇွန်လ ၂၂ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းနှင့် တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရပြီးနောက် ယခုကဲ့သို့ အလောင်းပြန်တွေ့ခြင်း ဖြစ် သည်။

“ဦးကျော်မျိုးမင်းရဲ့ အလောင်းကို ဒီနေ့ (ဇူလိုင်လ ၆ ရက်နေ့) မှာ ပြန်တွေ့တယ်။ တွေ့တာကလဲ ဦးပန်းမြင့်၊ ဦးကိုကိုမောင်တို့ အလောင်းတွေ့တဲ့နေရာ အနားတဝိုက်မှာပဲ တွေ့တယ်။ အလောင်းကတော့ ရုပ်ပျက် ဆင်းပျက် ဖြစ် နေပြီ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဦးကျော်မျိုးမင်းနှင့်အတူ ဖမ်းဆီးခံရသူ ၄ ဦးအနက် ရွာသားတစ်ဦးကို ဖမ်းဆီးခံရသည့်နေရာတွင်ပင် စစ်ကောင် စီတပ်က သတ်ဖြတ်ခဲ့ပြီး ဦးကျော်မျိုးမင်းနှင့် ပါတီဝင်နှစ်ဦးတို့ကို အခင်းဖြစ်ပွားစဉ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ခြင်းသည်။

ဖမ်းဆီးခံရပြီး ၁၀ ရက်အကြာ ဇူလိုင် ၂ ရက်နေ့တွင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့နှစ်ဦး၏ မြေမြုပ်ထားသည့် အလောင်းများကို ပြန်လည်တွေ့ရှိခဲ့သည်။

ထို့နောက် ဦးကျော်မျိုးမင်း အလောင်းကို ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့ နှစ်ဦး၏ ရုပ်အလောင်း တွေ့သည့် နေရာ အနီးတဝိုက်တွင်ပင် ဇူလိုင်လ ၆ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဦးကျော်မျိုးမင်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် အမှုဖွင့်ခံထားရကာ ထွက်ပြေး တိမ်းရှောင်နေရသူ တစ်ဦး ဖြစ်သည်။

ဦးကျော်မျိုးမင်းသည် ၂၀၂၀ ခုနှစ် ရွေကောက်ပွဲတွင် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နေရာ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအနိုင်ရရှိထားသူတစ်ဦးဖြစ်သလို ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။