ပခုက္ကူအနီး ကျေးရွာများ စစ်ကောင်စီတပ် မီးရှို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်? ဇူလိုင်လ ၈ ရက်။
မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသည့် ကျေးရွာတစ်ရွာအား စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်တပ်က ပခုက္ကူမြို့နယ်၊ ရှားဒူးအုပ်စုထဲက ရှားဒူးကျေးရွာကို ဇူလိုင်လ ၈ ရက်နေ့ (ယနေ့) နံနက် ၈ နာရီ ဝန်း ကျင်က စတင် မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
“မီးခိုးတွေကလည်း အဝေးကနေ အူထွက်နေတာတောင်မြင်ရတယ်။ မီးလဲတော်တော်ကြီးတယ်။ ရွာလုံးကျွတ်ရှို့ ခံနေရတာ၊ ရွာထဲလည်း ဘယ်သူမှ မဝင်ရသေးတော့ အခြေနေတော့ တိတိကျကျ မသိရသေးဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။
အိမ်ခြေ ၂၀၀ ဝန်းကျင် ရှိသည့် ရှားဒူးကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၈ ရက်နေ့၊ နံနက်ပိုင်း ၇ နာရီ ဝန်းကျင်ခန့်တွင် စတင်စစ်ကြောင်းထိုးလာပြီးနောက် နေအိမ်များ မီးရှို့ခံရခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
ရှားဒူးကျေးရွာသားများ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာသည်နှင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ၎င်းတို့၏ ရွာအား မီးရှို့ခံနေရသည်ကို အဝေးမှ မြင်နေရခြင်း ဖြစ်သည်ဟုဆိုသည်။
လက်ရှိအချိန်ထိ ကျေးရွာထဲ ဝင်၍ မရသေးသောကြောင့် အိမ်အလုံးရေမည်မျှ မီးရှို့ခံလိုက်ရသည်နှင့် ပျက်စီးဆုံးရှုံးမှု မည်မျှရှိသည်ကို မသိရသေးဘူး ရွာသားများက ပြောသည်။
ယနေ့ စစ်ကြောင်းထိုးလာဝင်သည့် စစ်တပ်သည် ဘယ်တပ်ရင်းက ဆိုသည်ကိုလည်း မသိရသေးဘူး ပြောသည်။
ရှားဒူးကျေးရွာအနီးက တောင်ပလူကျေးရွာလည်း ယခုနှစ်၊ ဇွန်လအတွင်း ရွာလုံးကျွတ်နီးပါး မီးရှို့ခံထားရပြီး အရှေ့ကမ်းဖြူကျေးရွာနှင့် ဒဲ့ပြားကျေးရွာတို့ကိုလည်း မီးရှို့ခံထားရသည်ဟု ပခုက္ကူဒေသခံများက ပြောသည်။