ကရင်နီ စစ်ရှောင်စခန်း တစ်ခုတွင် ရိက္ခာပြတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။
ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမောဆိုမြို့နယ်ရှိ ဟိုဝမ် စစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာများ ပြတ်တောက် နေပြီး အလှူရှင်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဖွဲ့အစည်းများက ပြောသည်။
ဟိုဝမ် စစ်ဘေးရှောင်စခန်းသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အလှူရှင်လာရောက်သူလည်း နည်းပါးသည့် အတွက် ယခုကဲ့သို့ မိုးတွင်းကာလတွင် စားနပ်ရိက္ခာပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။
“စစ်ရှောင်ကာလက ကြာလာတဲ့အခါ သူတို့အတွက်က စားနှပ်ရိက္ခာ အဓိက စိန်ခေါ်မှု ဖြစ်လာတယ်။ အိမ် ထောင်စု အလိုက် ဆန်ခွဲတမ်းပေးရင် လူဦးရေများတဲ့ မိသားစုက နစ်နာလို့ လူဦးရေအလိုက်ပဲ ခွဲဝေပေးပါ တယ်။ ဆန်ခွဲ ဝေပေးတဲ့ ပုံစံက လှူတဲ့သူအပေါ် ဆန်ရှိတဲ့အပေါ်ပဲ မူတည်ပါတယ်။ လူဦးရေများရင် များသလို လူဦးရေနဲ့ ပျမ်း မျှချပြီး ခွဲဝေပေးပါတယ်။ လှူတဲ့သူက သိန်းဆယ်ချီ လှူကြပေမယ့် သူတို့အတွက် ဆန်က ၁၀ ရက်စာပဲ ရပါတယ်” ဟု စစ်ရှောင်များအား ကူညီပေးနေသည့် Job For Kayah – JFK အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များမှာ တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသော် လည်း မဖြစ်ထွန်းသည့်အတွက် ဆန်များကို ဝယ်ယူရန်ပင် ချေးငှားနေကြရသည် စစ်ရှောင်များ နှင့် CDM ဝန် ထမ်းများကို ကူညီပေးနေသော JFK အဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်ဘေးရှောင် ကရင်နီပြည်သူများမှာ ၎င်းတို့၏ ကျေးရွာများရှိ တောင်ယာ၊ လယ်ယာများကို စွန့်ခွာကာ ယခင် လုပ်ကိုင်နေကြ စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်းမရှိတော့သည့်အတွက် ဆန်ချက်စားဖို့ပင် ခက်ခဲ နေခြင်း ဖြစ်သည်။
ဟိုဝမ် စစ်ရှောင်စခန်းတွင် လူဦးရေ ၅၀၀ ကျော်နှင့် အိမ်ထောင်စု ၁၂၀ ကျော်ရှိသည်။
ထိုစစ်ရှောင်များအတွက် ဆန်လောက်ငှရန် JFK အဖွဲ့က လတ်တလောတွင် ဆန်အိတ် ၁၀၀ ဖိုး ငွေပမာဏ အလှူခံ ထားသော်လည်း ဆန်အိတ် ၇၀ ဖိုးခန့်သာ ရရှိသေးသည်ဟု သိရသည်။
ထိုသို့ရရှိသည့် ဆန်အိတ် ၇၀ ဖိုးမှာလည်း စစ်ရှောင်များ လိုအပ်နေသော စားသုံးဆီ ၅၀ ကျပ်သားစီကိုပါ တွဲပြီး လှူရမည် ဖြစ်သောကြောင့် ဆန်အိတ် ၆၀ ခန့်သာ လှူနိုင်တော့မည်ဟု JFK အဖွဲ့က ပြောသည်။
ဟိုဝမ် စစ်ဘေးရှောင်စခန်းအား ကူညီပေးနေသည့် JFK အဖွဲ့သည် ယမန်နှစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းသည့် အချိန်မှစတင်၍ ကရင်နီဒေသအတွင်း စစ်ဘေးရှောင်များနှင့် CDM ဝန်ထမ်းများကို ကူညီ ပေးနေသည့် အဖွဲ့ဖြစ်သည်ဟု သိရသည်။
JFK အဖွဲ့သည် ယခုနှစ် ဇွန်လတွင်လည်း ကရင်နီဒေသအတွင်းက CDM ဝန်ထမ်းများကို တစ်ဦးလျှင် ကျပ် ၅၀,၀၀၀ နှုန်းဖြင့် CDM ဝန်ထမ်းပေါင်း ၆၅၀ ကို ကူညီပေးနိုင်ခဲ့သည်ဟု ၎င်းအဖွဲ့၏ ထုတ်ပြန်ချက်များ အရ သိရသည်။
အဆိုပါ ကူညီပေးနေသည့် Job For Kayah – JFK အဖွဲ့သည် ကရင်နီပြည်နယ်အတွက် အလုပ်အကိုင် အခွင့် အလမ်းများဟု အဓိပ္ပာယ်ရပြီး မည်သည့် နိုင်ငံရေး အဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပတ်သက် ဆက်နွယ်ခြင်း မရှိဘဲ ကိုယ်ထူကိုယ်ထ ရပ်တည်နေသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်ဟု သိရသည်။