ရေစကြိုတွင် မီးလောင်ထားသော အလောင်း နှစ်လောင်းတွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် မီးရှို့သတ်ခံထားရသည့် ရုပ်အလောင်း နှစ်လောင်းကို တွေ့ရှိခဲ့သည်ဟု ဒေသခံများနှင့် ရပ်ရွာကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ရေစကြိုမြို့နယ်၊ ထန်းငယ်တောအုပ်စု သဲတောကျေးရွာရှိ သဲချောင်းထဲတွင် အဆိုပါ မီးရှို့ခံထားရသည့် ရုပ်အလောင်းနှစ်လောင်းကို ဇူလိုင်လ ၉ ရက်နေ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မီးရှို့အသတ်ခံထားရသူများမှာ ရပ်ရွာကာကွယ်ရေးအဖွဲ့က PDF ရဲဘော်တစ်ဦးနှင့် ကျေးရွာအတွင်း ကျန်ခဲ့သည့် စိတ်မနှံ့သူ တစ်ဦးတို့ဖြစ်သည်ဟု Yesagyo Revolution Group မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ် နိမိတ်ကြားကို စစ်ကောင်စီတပ်က ဇူလိုင်လ ၈ ရက်နေ့တွင် စစ်ကြောင်းထိုး လာပြီးနောက် သဲတောကျေးရွာဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲခဲ့သည်ဟု သိရသည်။

သဲတောကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်က တပ်စွဲထားသည်ကို သတင်းမရရှိထားသည့် PDF ရဲဘော် က ဖြတ်သန်းသွားမိချိန် ပစ်ခတ်ခံလိုက် ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူပစ်ခံရပြီး ဆိုင်ကယ်လဲသွားတယ်။ သူကပါလာတဲ့ လက်ပစ်မိုင်းသုံးလုံးနဲ့ အသေခံပြီး ဖောက်ခွဲ သွားခဲ့ သေး တယ်။ သူ့နာမည်နဲ့အသက်ကိုတော့ သူ့မိသားစုက ပြောခွင့်မပြုထားဘူး။ စစ်တပ်က တပ်စွဲပြီးနောက်ရက် သဲ ချောင်းထဲမှာ ဆိုင်ကယ်နဲ့ မီးရှို့ခံထားရတဲ့ အလောင်းကို ရပ်ရွာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က တွေ့ခဲ့ရတာ” ဟု Yesagyo Revolution Group က တာဝန်ရှိသူတစ်ဦး က ပြောသည်။

သေဆုံးသွားသည့် PDF ရဲဘော်က လက်ပစ်မိုင်း သုံးလုံး ဖောက်ခွဲခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဘက်က စစ် သား ၁၈ ဦး ဝန်းကျင်ခန့် ဒဏ်ရာရရှိခဲ့ပြီး ပခုက္ကူမြို့ကို ဇူလိုင်လ ၁၀ ရက်နေ့တွင် သယ်ဆောင် သွားသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထို ဒဏ်ရာရ စစ်သားများကို ပခန်းကြီး တိုက်နယ် ပြည်သူ့ဆေးရုံကို ပို့လိုက်ခြင်း ဖြစ်သည်ဟု ဆက်ပြောသည်။

စစ်ကောင်စီတပ်က သဲတောကျေးရွာအတွင်း တပ်စွဲထားသည့်အတွက် ရွာသားများက ဘေးလွတ်ရာ နေရာတို့ တွင် တိမ်းရှောင် ပုန်းအောင်နေနေကြရသည်ဟု သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီစစ်ကြောင်း သဲတောကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေရာယူခြင်းမျိုး ဇွန်လတုန်းကလည်း ရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

သဲတောကျေးရွာကို စစ်တပ်က ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ တွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) အဖွဲ့ နှင့် အဆက်အသွယ်ရှိသည် ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကြောင်းဝင်ရောက်လားပြီးနောက် နေအိမ်များကို မီးတင် ရှို့ခဲ့ရာ အိမ်အခြေအလုံးရေ ၃၁ လုံး လည်း မီးလောင်ကျွမ်းခဲ့ပြီး အသက် ၈၀ ကျော် အဖွားတစ်ဦး မီးလောင် သေ ဆုံးခဲ့သည်ဟု သိရသည်။

သဲတောကျေးရွာသည် အိမ်ခြေ ၄၀၀ ကျော်ခန့်ရှိပြီး လူဦးရေ ၂၀၀၀ ကျော်နေထိုင်သည့် ကျေးရွာ တစ်ရွာ ဖြစ် သည်။

ဓါတ်ပုံ – Yesagyo Revolution Group