ရန်ကုန်-မော်လမြိုင်လမ်း ကားမှောက်၊ ၅ ဦးသေ၊ ၆ ဦး ဒဏ်ရာပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်။

ရန်ကုန်-မော်လမြိုင် လမ်းမပေါ်တွင် ဟိုက် ဂျက် ယာဥ်တစ်စီး တိမ်းမှောက်ပြီး ၅ ဦးသေဆုံးကာ ၆ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု လူမှုကယ်ဆယ် ရေး အဖွဲ့အစည်းများနှင့် ဒေသခံများက ပြောသည်။

အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်ပါလာသည့် အမျိုးသမီး ၄ ဦး နှင့် အမျိုးသား ၁ ဦး သေဆုံးပြီး၊ ၆ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

ဘီးလင်းဘက်မှ ကျိုက်ထိုဘက်သို့ မောင်းနှင်းလာသည့် ဟိုက်ဂျက်ယာဥ် တစ်စီးသည် မွန်ပြည်နယ် ဘီးလင်းမြို့နယ် သပြေနီကျေးရွာ သံတံတားအနီးတွင် အရှိန်မထိန်းနိုင်ဘဲ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက် ၇ နာရီ အချိန်ခန့်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

”ကားက အရှိန်မထိန်းနိုင်ပဲ မှောက်သွားတယ်။ ကားပေါ်မှာ ပါလာတဲ့ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦး က တော့ ဆုံးသွားတယ်။ ကျန် ၆ ယောက်က ဒဏ်ရာရတယ်၊ တချို့က ဒဏ်ရာပြင်းထန်တယ်” ဟု လူမှုကယ်ဆယ် ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြင်းထန်ဒဏ်ရာ ရရှိသူများကို လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၏ အကူအညီဖြင့် ရန်ကုန်၊ သထုံနှင့် ဘီး လင်း ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများ၏ ပြောပြချက် အရ သိရသည်။

တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့် မော်တော်ယာဥ်သည် ဘီးလင်းမြို့နယ် အလူးကျေးရွာမှဖြစ်ပြီး ကျိုက်ထိုသို့ ရက် လည် အလှူသွားသည့် ယာဥ်ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယခု ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့် သံတံတားအနီးတွင် ဇူလိုင် ၇ ရက်နေ့တုန်းကလည်း ကုန်တင်ကား တစ် စီး ဘရိတ်ပေါက်ပြီး စစ်သားတစ်ဦးကို တိုက်မိကာ သေဆုံးသွားခဲ့သည့် ဖြစ်စဥ်လည်းရှိ ခဲ့သည်။