ရဲအချင်းချင်းပစ်ရာမှ ဒု-ရဲမှူးတစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်။
တနင်္သာရီတိုင်းဒေသကြီး အဝင် မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဒု-ရဲမှူးတစ်ဦး သေနတ်ကျည်ထိမှန်ကာ သေဆုံးသွားသည်ဟု ထားဝယ်မြို့ခံများက ပြောသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် တာဝန်ကျသည့် ရဲတပ်သားများနှင့် ဒု-ရဲမှူး ကျော်သူဝင်း ဆိုသူတို့မှာ ခရီးသည် တင်ကားများနှင့် ကုန်ကားများထံမှ ကောက်ခံရရှိသည့် ငွေများကို ဝေစုခွဲရာမှ စကားများပြီး အချင်းချင်း ပစ်ခတ် မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဇူလိုင်လ ၁၇ ရက်နေ့၊ ည ၈ နာရီ အချိန်ခန့်က ဝေစုခွဲရာမှ ရဲတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒု-ရဲမှူး ကျော်သူဝင်း ဆိုသူ သေနတ်ကျည် ထိမှန်ကာ သေဆုံးသွားသည်ဟု ထားဝယ်မြို့ခံများ က ပြောသည်။
ရဲတပ်ဖွဲ့ဝင်အချင်းချင်း ဝေစုခွဲယူရာတွင် အရနည်းကြောင်း ပြောသည့် ရဲတပ်သားကို သေဆုံးသွားသူ ဒု-ရဲမှူး ကျော်သူဝင်း က ဆဲဆိုကြိမ်းမောင်းခဲ့သည့်အတွက် အဆိုပါ ရဲတပ်သားက သေနတ်ဖြင့် ပစ်ခတ်လိုက်ခြင်း ဖြစ် သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
သေဆုံးသွားသူ ဒု-ရဲမှူးကျော်သူဝင်း အလောင်းကို အရေးပေါ်လူနာတင်ကားဖြင့် ညတွင်းချင်း သယ်ယူသွားပြီး ဝဲကျွန်းရပ်ကွက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ မိသားစုဝင်များထံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦး က ပြောသည်။
“နာရေးဆိုပေမယ့် လိုင်းခန်းတွေက ဝန်ထမ်းမိသားစုတွေလောက်ပဲ အနည်းအကျဉ်းရှိတယ်။ အပြင်က လူတွေ မလာကြပါဘူး” ဟု သေဆုံးသွားသူ ဒု-ရဲမှူး ကျော်သူဝင်းနှင့် ဆွေမျိုးတော်စပ်သူတစ်ဦး က ပြောသည်။
ဒု-ရဲမှူး ကိုကျော်သူဝင်း ၏ ရုပ်အလောင်းကို ဇူလိုင် ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ဇဟာသုဿန်တွင် မီးသဂြိုလ် လိုက်သည်ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မလွှဲတောင် စစ်ဆေးရေးဂိတ်သည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အစပ်ရှိ အဝင်/အထွက် ဂိတ်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ နှင့် လဝက အဖွဲ့များက ခရီးသည် အဝင်အထွက်နှင့် ကုန်ကားများကို စစ်ဆေးသည့် ဂိတ်တစ်ဂိတ် ဖြစ်သည်။