ဘိုကလေး ပျူစောထီးခေါင်းဆောင်အိမ် ဗုံးဖြင့် တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့က စစ်ကောင်စီသတင်းပေး၊ ပျူစောထီးခေါင်းဆောင် ၏ အိမ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်ဟု မြို့ခံများက ပြောသည်။

ဘိုကလေးမြို့၊ ၃ ရပ်ကွက်၊ ကမ်းနားလမ်းရှိ စစ်ကောင်စီ သတင်းပေးနှင့် ပျူစောထီးခေါင်းဆောင် ဦးနွေကျော် ဆိုသူ၏ အိမ်ကို ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဘိုကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“ပြည်ကျော်ရွှေဆိုင်ကလည်း သူ့ဆိုင်ပဲ အိမ်နဲ့တွဲဖွင့်ထားတာ။ ဆိုင်ထဲကို လက်ပစ်ဗုံးပစ်ထည့်ခဲ့တာ” ဟု ဧရာဝ တီ တိုက်ငါးမန်းပြောက်ကျား အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဦးနွေကျော် ဆိုသူသည် ပျူစောထီးခေါင်းဆောင်တစ်ဦး ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲများနှင့် ပူးပေါင်း၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းများကို ပို့ပေးနေသည့် ဒလန် သတင်းပေး တစ်ဦး ဖြစ် သည်ဟု ဆိုသည်။

ထို့အပြင် ၎င်းသည် ပြည်သူလူထုကိုပါ ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်းတို့ ပြုလုပ်ကာ ဒုက္ခအမျိုးမျိုး ပေးနေ သူ ဖြစ်၍ ယခုကဲ့သို့ တိုက်ခိုက်ခြင်းရဖြစ်သည်ဟု ဧရာဝတီ တိုက်ငါးမန်းပြောက်ကျား အဖွဲ့ တာဝန်ရှိသူက ပြောသည်

ဦးနွေကျော်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၏ မြို့နယ် ခေါင်းဆောင်တစ်ဦးလည်း ဖြသည်ဟု ဘိုကလေးမြို့ခံများက ပြောသည်။

“သူကံကောင်းသွားတယ် ပစ္စည်းချို့ယွင်းချက်ကြောင့် ဗုံးကမပေါက်ဘူးဗျာ။ ကျနော်တို့ ရဲဘော်တွေလည်း အန္တ ရာယ် ကင်းကင်းနဲ့ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ဘိုကလေးမြို့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြော သည်။

ယခု ဗုံးဖြင့် တိုက်ခိုက်မှုကို ဘိုကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဧရာဝတီ တိုက်ငါးမန်း ပြောက်ကျား အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဘိုကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ပြည်သူလူထုကို ဒုက္ခ ပေးနေသော ပျူစောထီးများ၊ သတင်းပေးများအား ပြင်းထန်စွာ ဆက်လက်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန် ထားသည်။

ထို့အပြင် ဇူလိုင်လ ၂၆ ရက်နေ့ ညပိုင်းက ဧရာဝတီတိုင်းအတွင်းရှိ ဟင်္သာတမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်တရားရုံး၊ အကျဉ်းဦးစီးဂိတ်ပေါက်၊ ရဲစခန်းနှင့် အကျဉ်းဦးစီးဌာနထောင့်နေရာတို့တွင် မိုင်း ၈ လုံး ပေါက် ကွဲခဲ့ပြီး၊ ဒေးဒရဲမြို့၊ ဒေးဒရဲတံတားမြို့အဝင် စစ်ဆေးရေးဂိတ်တွင်လည်း ဗုံး ၂ လုံး ပေါက်ကွဲခဲ့သည်ဟု ဒေသခံ များက ပြောသည်။