ဒေးဒရဲ မြို့အဝင် ဗုံးကွဲ၊ NLD ကိုယ်စားလှယ်၏ သားဖြစ်သူ ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈ ရက်။
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့ အဝင် တံတား စစ်ဆေးရေးဂိတ်အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် မြို့တွင်း က NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ သားအပါအဝင် လူငယ် ၇ ဦးထက်မနည်းကို စစ်ကောင်စီ က ဖမ်းဆီးသွားသည်ဟု မြို့ခံများက ပြောသည်။
မြို့အဝင် ဒေးဒရဲ တံတား စစ်ဆေးရေးဂိတ်အနီးတွင် ဖြစ်ပွားခဲ့သည့် ဗုံးနှစ်လုံးဆက် ပေါက်ကွဲမှုကြောင့် စစ် ကောင်စီတပ်ဖွဲ့ဝင်များက မြို့တွင်း၌ ဆိုင်ကယ်များဖြင့် ကင်းလှည့်ပတ်၍ ဧည့်စာရင်းများပါ စစ်ခဲ့ပြီးနောက် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ သား နှင့် လူငယ် ၇ ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။
“ဦးသန်းလွင် က ၂၀၁၅ မှာရော၊ ၂၀၂၀ ရော NLD အမတ်ပါ။ သူက ရှောင်နေတာ ကြာပြီ။ အခု အဖမ်းခံရတဲ့ သူ တွေထဲ သူသားလည်း ပါသွားတယ်” ဟု အဖမ်းခံရသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဇူလိုင်လ ၂၆ ရက်နေ့ ညက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် ဒေးဒရဲမြို့ ကမ်းနားလမ်းမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်၏ သားနှင့် လူငယ် ၇ ဦး တို့ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ခြင်း ဖြစ် သည်ဟု အဖမ်းခံရသည့် မိသားစုနှင့် နီးစပ်သူများက ပြောသည်။
ဒေးဒရဲမြို့အဝင်ဂိတ် ၂ခု ရှိသည့်အနက် ရန်ကုန်တိုင်းဘက်သို့ ကူးသည့် ဒေးဒရဲမြစ်ကူး တံတား စစ်ဆေးရေး ဂိတ် အနီး တံတားအဆင်း နေရာအစနှင့် လမ်းဘေးရှိ ပလာတာရောင်းသည့် ဆိုင်ကြားတွင် ပေါက်ကွဲခြင်းဖြစ်သည်။
ဗုံး ၂လုံး မှာ တစ်လုံး နှင့် တစ်လုံး ၁၀ စက္ကန့်ခန့်ခြား၍ ပေါက်ကွဲခြင်းဖြစ်ပြီး စစ်ဆေးဂိတ်အတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပေါက်ကွဲသံ ထွက်သည့်ဘက်သို့ သေနတ်ဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ က ပြောသည်။
“တံတား မြို့ဝင်ဂိတ်ဘက်က ပေါက်ကွဲသံ ဆက်တိုက် ကြားရပြီး ဂိတ်ဘက်ကနေ သေနတ်နဲ့ ၁၀ ချက်လောက် လှမ်းပစ်တယ် သေနတ်မှန်တဲ့ သူတော့ မရှိဘူး“ ဟု မြို့ဝင်တံတား အောက်ဘက်ရပ်ကွက်တွင် နေထိုင်သူ တစ်ဦး ပြောသည်။
ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက်စောစောတွင်လည်း ရန်ကုန်ဘက်က စစ်ကောင်စီ တပ်ဖွဲ့တစ်ဖွဲ့ ထပ်မံရောက်လာပြီး တံတားထိပ် နှစ်ဖက်ကို ပိတ်ဆို့ကာ စစ်ဆေးနေသည့်အပြင် ဒေးဒရဲမြို့တွင်လည်း လုံခြုံရေး ပိုမိုတင်းကြပ် ထား သည်ဟု မြို့ခံများက ဆိုသည်။
စစ်တပ်က အာဏာသိမ်း ပြီးနောက်ပိုင်း ဒေးဒရဲမြို့တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာပင် မြို့အဝင်ဂိတ်၊ သမဝါယမရုံးရှေ့၊ ပညာရေးမှူးရုံးရှေ့ နှင့် မီတာရုံး ရှေ့တို့တွင် ဗုံးပေါက် ကွဲမှုများ ဖြစ်ပွားခဲ့သည်။
ထို့အပြင် မြို့နယ်တွင်းရှိ Mytel ဖုန်းတာဝါတိုင် ဖောက်ခွဲခံရမှုနှင့် ဌာနဆိုင်ရာရုံးများ ဖောက်ခွဲခံမှုကြောင့် မ သင်္ကာ၍ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံထားရသူ ပြည်သူ ၁၀၀ နီးပါးရှိနေသည်ဟု နိုင်ငံရေး တက်ကြွ လှုပ် ရှားသူများက ပြုစုထားသည့် စာရင်းများအရ သိရသည်။