တရုတ်နယ်စပ် လွယ်ဂျယ်-မိုင်ဂျာယန်လမ်း လုယက်မှုများ ဖြစ်ပွားနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၀ ရက်။
မြန်မာ – တရုတ် နယ်စပ်ရှိ လွယ်ဂျယ်-မိုင်ဂျာယန်သွားသည့် လမ်းပိုင်းတွင် လုယက်မှုများ မကြာခန ဖြစ်ပွားနေ သည့်အတွက် ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။
ဒေသအတွင်း ယခုကဲ့သို့ လုယက်မှုများ ဖြစ်ပွားနေခြင်းမှာ ကိုဗစ်-၁၉ ကပ်ရော ကူးစက်မှုကြောင့် နယ်စပ်ဂိတ် ပိတ်ထားခြင်းနှင့် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေသည့် နိုင်ငံရေး အခြေအနေများကြောင့် ကျပန်း၊ နေ့စား အလုပ်သမားများ အလုပ်အကိုင်ရှားပါးမှု နောက်ဆက်တွဲ ပြဿနာများ ဖြစ်သည်ဟု လွယ်ဂျယ် ဒေသခံ များက ယူဆကြသည်။
“ဒီလွယ်ဂျယ် သွားတဲ့လမ်းမှာက လူလည်းပြတ်တယ်။ လူတစ်ယောက် နှစ်ယောက်ပဲ သွားလာရင် လေးငါး ယောက် ဖွဲ့ထားတဲ့ လူငယ်အဖွဲ့တစ်ဖွဲ့က ဆိုင်ကယ်ရပ်ခိုင်းပြီး ခြိမ်းခြောက် ပိုက်ဆံတောင်းတယ်။ မပေးရင် လုတယ်။ နားကပ်တွေ ဓါးနဲ့ ဖြတ်ပြီး လုယူတယ်။ အခုဆို လူပါသတ်တဲ့ အဆင့်ထိ ဖြစ်လာတယ်” ဟု လွယ် ဂျယ် ဒေသခံ တစ်ဦးက ပြောသည်။
ယခုလ ဇူလိုင်လအတွင်း အဆိုပါ လွယ်ဂျယ်-မိုင်ဂျာယန်လမ်းပိုင်းတွင် အမျိုးသမီးတစ်ဦး အသတ်ခံထားရ သည့် အပြင် အခြားအမျိုးသမီးတစ်ဦးလည်း လုယက်ဓါးပြတိုက်ခံရသည်ဟု မိုင်ဂျာယန် ဒေသခံတစ်ဦးက ပြောသည်။
“ဒီလထဲမှာပဲ အမျိုးသမီးတစ်ယောက် အသတ်ခံထားရပြီးသေနေတာ။ အဲ့အမျိုးသမီးဆိုရင် လုယက်ခံထားရတဲ့ ပုံစံမျိုးနဲ့ သူ့ရဲ့ ပိုက်ဆံအိတ်လည်း အလုခံထားရတဲ့ ပုံစံမျိုး သေနေတာ။ နောက်ပြီး နားကပ်အလုခံရတဲ့ တစ် ယောက်ဆိုလည်း သူဆိုင်ကယ်နဲ့သွားတာကို လူတစ်စုက ရပ်ခိုင်းပြီး ပိုက်ဆံအိတ်အရင်လုတယ်။ နောက်ပြီး နား မှာ ပန်ထားတဲ့ နားကပ်တွေ့တော့ အဲ့ဒါကို ထပ်လုတယ်။ မရတော့ နားကို ဓါးနဲ့ခုတ်တာ ဟုတ်တယ်။ လူလေး ငါး ယောက်လောက်ပါတဲ့ အုပ်စုအဖွဲ့ဟုတ်တယ်။ ဘယ်ကလူတွေလည်း ဆိုတော့ ကျနော်တို့ မသိသေးဘူး။ အခု က ကျနော်တို့ ရွာသားတွေက အဲ့ဒါကို ဖမ်းမိအောင် လုပ်ဖို့တော့ စီစဉ်နေတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦး က ပြောသည်။
အဆိုပါလမ်းပိုင်းတွင် ဖြစ်ပွားနေသည့် လုယက်မှု၊ ဓါးပြတိုက်မှုများနှင့် ပတ်သက်၍ ဒေသခံရွာသားများအနေဖြင့် မည်သည့် အစိုးရဘက်ကို တိုင်ကြားမည်ပင် မသိဘူး ဖြစ်နေသည်ဟု ဆိုသည်။
ယခု လုယက်မှုများ ဖြစ်ပွားနေသည့် လွယ်ဂျယ်-မိုင်ဂျာယန် လမ်းမကြီးပေါ်ရှိ ကျေးရွာများသည် လက်ရှိ အုပ် ချုပ်နေသည့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးနယ်မြေအတွင်း အပြင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ အုပ်ချုပ်ရေးနယ်မြေအတွင်းတွင်လည်း ရှိသည်။
အဆိုပါ ကျေးရွာများသည် မြန်မာ-တရုတ် နယ်စပ်ဂိတ်ကို အဓိကထားကာ နှစ်ဖက်ကုန်သွယ်ရေး၊ ဒေသထွက် သီးနှံများ၊ ကြံများ တင်ပို့ခြင်းနှင့် တရုတ်နိုင်ငံဘက်ခြမ်းရှိ စိုက်ပျိုးရေး လုပ်ငန်းခွင်များတွင် နေ့စား ဝင်ရောက် လုပ်ကိုင်ခြင်းတို့ဖြင့် ယခင်က အသက်မွေးဝမ်းကျောင်းခဲ့ရာမှ နှစ်နှစ်ကျော်အကြား ပိတ်ထားသည့် နယ်စပ်ဂိတ် များဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးပြီးနောက် ယခုကဲ့သို့ လုယက်မှုများ ဖြစ်ပွားသည့်ထိ ဆိုးရွားလာ ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
COVID-19 ကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံဘက်ခြမ်းက နယ်စပ်ဂိတ်များကို ပိတ်လိုက် ပြီးနောက် တရုတ် ဘက်ခြမ်းမှ ကုန်ပစ္စည်းများ အဝင်နည်းလာပြီး မိုင်ဂျာယန်မြို့နှင့် မိုင်ဂျာယန် မြို့အနီးအနားရှိ ကျေးရွာများက ပြည်သူများသည်လည်း စားနပ်ရိက္ခာများကို လွယ်ဂျယ်ဘက်ခြမ်းကသာ အဓိကအားထား ဝယ်ယူစားသောက် နေကြရခြင်း ဖြစ်သည်။
ထို့ကြောင့် ယခုလုယက်မှု ဖြစ်ပွားနေသည့် လွယ်ဂျယ်-မိုင်ဂျာယန် လမ်းပိုင်းသည် သွားလာဝင်ထွက်ရေးအတွက် အဓိက လမ်းပိုင်းဖြစ်လာသည်ဟု ဒေသခံများက ဆိုသည်။
အလားတူ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူများ အလုပ်အကိုင် ရှားပါးလာသည့် အပြင် မူးယစ်ဆေး ဝါး တားဆီးနိမ်နှင်းမှုများလည်း ရပ်နားထားသည့်အချိန်ဖြစ်သောကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူ၊ သုံးစွဲ သူများလာပြီး လုယက်မှုများ ပိုများလာခြင်း ဖြစ်နိုင်သည်ဟုလည်း ဒေသခံအချို့က ဆိုသည်။
ဓါတ်ပုံ – Chinese Embassy in Myanmar