ကျောက်တော်မှ ဒေသခံ ၃ ဦး စစ်ကောင်စီ ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂ ရက်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဒေသခံ အမျိုးသား ၃ ဦးကို ရက္ခိုင့်တပ်တော် ULA/AA နှင့် အဆက် အသွယ်လုပ်သည်ဟု ဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရား အရှေ့ဘက်မုခ်ရှိ ထမင်းဆိုင်တစ်ဆိုင်တွင် စားသောက်နေသည့် ဒေသခံ အမျိုးသားသုံးဦးကို AA နှင့် အဆက်အသွယ်လုပ်သူများဟု ဆိုကာ စစ်ကောင်စီတပ်ဖွဲ့မှ ဩဂုတ်လ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် အင်အားသုံးကာ ဝင်ရောက် ဖမ်းဆီးသွားသည် ဟု သိရသည်။
“သူတို့တွေ ဆိုင်မှာထိုင်ကာစပဲရှိသေးတယ် စစ်သားတွေက ချက်ချင်းရောက်လာကြတာ ကျန်တဲ့ ဆိုင်တွေ လည်း အကုန်ပိတ်ထားလိုက်ရပြီ၊ မထင်ရင် မထင်သလို လာလာရမ်းကြဦးမှာဆိုတော့ ဘယ်သူမှ မဖွင့်ရဲကြ တော့တာ” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူသုံးဦးမှာ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာမှ ဦးမောင်စောသာ နှင့် အခြားလူငယ် နှစ်ဦးတို့ ဖြစ်ပြီး ထမင်းစားရန် လုပ်နေစဉ် ဖုန်းများကို စစ်ဆေးကာ ဖမ်းသွားခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။
ဦးမောင်စောသာ သည် ဆိုင်ကယ် ကယ်ရီမောင်းသူ တစ်ဦးဖြစ်သည်ဟုလည်း သိရသည်။
မဟာမုနိဘုရားသည် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးနံဘေးတွင် တည်ရှိပြီး ဘုရားအတွင်း တပ်စွဲထားသည့် စစ် ကောင်စီ တပ်သားများက ဘုရားဖူးလာသည့် ပြည်သူများကို စစ်ဆေးမေးမြန်းခြင်းများ မကြာခဏ လုပ်နေသည် ဟု ဒေသခံများက ပြောသည်။
မဟာမြတ်မုနိဘုရားပေါ်တွင် စစ်ကောင်ီစ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက တပ်စွဲနေထိုင်သည်မှာ ၃ နှစ် နီးပါး ရှိနေပြီဟု ကျောက်တော်မြို့ခံများက ပြောသည်။