ရေးတွင် ညမထွက်ရ အမိန့်ထုတ်ပြန်၊ နယ်ကျော်ခရီးသွားခွင့် ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီက နယ်ကျော် ခရီးမသွားရန်နှင့် ညမထွက်ရတို့ ပါဝင်သော ဒေသန္တရ အမိန့် ထုတ်ပြန်ပြီး လုံခြုံရေးတင်းကြပ်ထားသည်ဟု မြို့ခံများက ပြောသည်။

ဩဂုတ်လ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးအချို့ ပစ်ခတ်တိုက်ခိုက် ခံရမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ လုံခြုံရေးတင်းကြပ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

”ရေးမှာ ပစ်ခတ်မှု ဆက်တိုက်ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းဖြစ်သွားတဲ့ လဝကရုံး အပစ်ခံရတဲ့ ဖြစ်စဥ် ဖြစ် ပြီး နောက်မှာတော့ လုံခြုံရေးတွေ ပိုပြီး တင်းကြပ်ထားတယ်။ အစိုးရရုံးတွေ ရှိတဲ့နေရာက လမ်းတွေဆို အကုန် ပိတ်ထား လိုက်တယ်။ ဖြတ်သန်း သွားလာခွင့်မပေးဘူး” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

သြဂုတ်လ ၃ ရက်နေ့က ရေးမြို့ လဝကရုံး ပစ်ခတ်ခံရပြီး ဝန်ထမ်း ၂ ဦးနှင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ ပြီး နောက် စစ်ကောင်စီက ယခုလို လုံခြုံရေး တင်းကျပ်သည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်လာခြင်း ဖြစ်သည်။

သြဂုတ်လ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် အဆိုပါ ဒေသန္တရအမိန့်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာ (သို့မဟုတ်) မှတ်ပုံတင်မပါပဲ နယ်ကျော် ခရီးသွားလာ ခွင့်မပြုရန်၊ ရေးမြို့နယ် အတွင်း မည်သည့် ယာဉ်ကိုမှ ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း သွားလာခြင်း လုံးဝမပြုလုပ်ရန် ပါရှိသည်။

မြို့တွင်းရှိ လမ်း ၆ နေရာကိုလည်း ခွင့်ပြုထားသည့် ယာဉ်များနှင့် လူများမှအပ အခြားမည်သို့သော ယာဥ်နှင့် လူကိုမှ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ရန်လည်း ထုတ်ပြန်ထားသည်။

ဆိုင်ကယ်ကိုလည်း အမျိုးသား ၂ ဦး မစီးရ၊ အမျိုးသမီးနောက်တွင် အမျိုးသား လိုက်မစီးရသည့်အပြင် လုံခြုံရေး ဆောင်ရွက်နေစဉ် ယာဥ်နှင့် ဆိုင်ကယ်များ အရှိန်ဖြင့် မောင်းခြင်း၊ အစစ်ဆေးမခံပဲ မောင်းပြေးခြင်းများ မပြုလုပ် ရန်လည်း ပါရှိသည်။

ထို့အပြင် ရေးတံတားကြီးနှင့် ချောင်းတောင်တံတားပေါ် ဖြတ်သန်းသွားလာပါကလည်း ယာဉ်မောင်းက လွဲ၍ ယာဉ်ပေါ် ပါသူများ လမ်းလျှောက်သွားရမည် ဖြစ်ပြီး တံတားပေါ်တွင် အကြောင်းမဲ့ မည်သည့်ယာဉ်မှ မရပ်ရန်လည်း ထုတ်ပြန်ထားသည်။

ရေးမြို့နယ်အတွင်းက ကူတို့ကူးရေယာဉ်များ၊ စက်တပ်ရေယာဉ်များနှင့် ပင်လယ်ပြင်ထွက် လှေများ အဝင်အ ထွက် အားလုံးသည်လည်း သက်ဆိုင်ရာထံသို့ သတင်းပို့ရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် အချိန်တွင်သာ ကူးသန်း သွားလာရမည် ဟု ဆိုသည်။

ညွှန်ကြားချက်တွေကို လိုက်နာခြင်းရှိမရှိ သြဂုတ်လ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပညာပေးကာလအဖြစ် သတ်မှတ်စစ်ဆေးသွားမည်ဖြစ်ပြီး ပညာပေး ကာလကျော်လွန်ပြီးနောက် ဖောက်ဖျက်ကျူးလွန်သူများကို တည် ဆဲ ဥပဒေအတိုင်း ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

”အသွားအလာ ပိုပြီး သတိထားရတော့မယ်။ လူတွေ ပစ်သတ်ခံနေရတဲ့ သတင်းလည်း နေ့တိုင်းလိုလို ကြားနေရ တော့ မလုံခြုံတော့ဘူး နှစ်ဖက်စလုံးကို ကြောက်နေရတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရေးဘီးလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရပ်သားဝန်ထမ်းများ၊ စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူများကို မကြာခဏ ပစ်ခတ် ရှင်းလင်းလေ့ရှိသည့် အပြင် တံတားစစ်ဆေးရေး ဂိတ်၊ ရဲစခန်း၊ အစိုးရရုံးများကိုလည်း မကြာခဏ ဝင်ရောက်ပစ်ခတ်လေ့ ရှိသည်။

ထို့အပြင် စစ်ကောင်စီတပ်ဘက်ကလည်း လုံခြုံရေးအကြောင်းပြပြီး အရပ်သားပြည်သူများကို ပစ်သတ်သည့် ဖြစ်စဥ်လည်း ဆက်တိုက်ရှိလာနေသည်ဟု မြို့ခံများက ပြောသည်။