မွန် မြို့နယ် အချို့ ရေကြီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်။

မွန်ပြည်နယ်အတွင်းက မြို့နယ်အချို့တို့တွင် သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းကစပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

မိုးအဆက်မပြတ် ရွာသွန်းနေမှုတို့ကြောင့် ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ပေါင် အစရှိသည့် မြို့နယ်များအတွင်းက ရပ်ကွက် ကျေးရွာအချို့တို့တွင် ရေကြီးရေနစ်မြုပ်မှုများ စတင်ဖြစ်ပွားနေ သည်။

မော်လမြိုင်မြို့ပေါ် ရှိ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ဇေယျာမြိုင်၊ သီရိမြိုင်၊ လှိုင်၊ သာယာအေး၊ ရွှေပြည်အေး ဇေယျာသီရိတို့တွင် ရေကြီးနစ်မြုပ်နေပြီး ပြည်သူအချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရသည်ဟု အကူအညီပေး နေသူများက ပြောသည်။

“မိုးများပြီး ရေကြီးရေလျှံမှုဖြစ်လို့ နေအိမ်တွေမြုပ်ကုန်ပြီး တချို့က ဘေးလွတ်ရာ ပြောင်းနေရပြီး၊ မိုးက လည်း ကောင်းတုန်းပဲ” ဟု ရေဘေးအကူအညီပေးနေသူ မော်လမြိုင် မြို့ခံတစ်ဦးက ပြောသည်။

ထို့အတူ ကျိုက်မရောမြို့နယ် ဦးလေးကျေးရွာ၊ ကော့ဒွန်း၊ ကော့မနော အစရှိသည့် ကျေးရွာတို့တွင်လည်း သြ ဂုတ်လ ၁၆ ရက်နေ့၊ နံနက်ပိုင်း အချိန်ကစတင်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

မုဒုံမြို့နယ်အတွင်းက ကမာဝက်ကျေးရွာ၊ ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာနှင့် သံဖြူဇရပ်မြို့ပေါ်ရပ်ကွက် အချို့ တို့တွင်လည်း ရေးကြီးရေလျှံမှုဖြစ်ပွားနေသည်။

အလားတူ ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းနှင့် မုဒုံမြို့နယ် နှီးပဒေါ်ကျေးရွာ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပိုင်းတို့တွင်လည်း ကားလမ်းရေကျော်မှုများ ဖြစ်ပွားနေသည်။

ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် ကားလမ်းပိုင်းနေရာတို့တွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာနေပြည်သူ များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များက ကားများ၊ ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာ နိုင်ရေး ကူညီဆောင်ရွက်ပေးနေသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိအနေအထားတွင် ကားများ ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်သေးသော်လည်း ရေပိုများလာပါက အန္တရာယ်ရှိနိုင်သည်ဟု ခရီးသွားပြည်သူများက ပြောသည်။

”ရေကျော်နေတဲ့နေရာက အခုတော့ သွားလာလို့ရနေသေးတယ်။ မိုးကလည်း ဆက်တိုက်ရွားနေဆဲဆိုတော့ ရေ ပိုများလာနိုင်တယ်။ ရေများလာရင် အန္တရာယ်ရှိနိုင်လို့ သတိထားသွားလာဖို့ လိုတယ်။ ဖြတ်လို့မရဘူးဆိုရင် မဖြတ်ကြနဲ့ ရေစီးသန်တော့ မျောသွားနိုင်တယ်” ဟု ခရီးသွားတစ်ဦး က ပြောသည်။

မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ စီးဆင်းလာသည့် အတွက် ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ၏ ယနေ့ညနေအထိ ခန့်မှန်းထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီး နိုင်သည်ဟု ထုတ်ပြန်ထားသည်။