ရာအိမ်မှူး တစ်ဦး ဝက်သား တုတ်ထိုးရောင်းနေစဉ် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။

စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ကုန်တိုက်တစ်ခုရှေ့ရှိ ဝက်သားတုတ်ထိုးဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

အောင်ချမ်းသာရပ်ကွက်၏ ရာအိမ်မှူး ကိုအောင်သန်းသည် မြိတ်ကုန်တိုက် (Myeik Shopping Center) အနီးတွင် ဇနီး ဖြစ်သူအား ဝက်သားတုတ်ထိုး ကူရောင်းနေစဉ် ဆိုင်ကယ် ၄ စီးဖြင့် အမျိုးသား ၅ ဦးရောက်ရှိလာပြီး ဈေးဆိုင် အတွင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

“ဒိုင်း ဒိုင်း ဒိုင်းဆိုပြီး သေနတ်သံ သုံးချက်ဆင့် ပစ်သွားတာ ကြားရတယ်။ သွားကြည့်ဖို့ နေနေသာသာ ဈေး ရောင်း သူတွေရော၊ လမ်းလည်ကြသူတွေပါ ထိတ်လန့်ပြီး အိမ်ပြန်ပြေးကြတာပေါ့” ဟု ထားဝယ်စုရပ်တွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ်မြို့၊ ရေပုန်းနယ်မြေ သာကေတရပ် ကမ်းနားလမ်းရှိ ကုန်တိုက်အနီးတွင် ရောင်းချနေသည့် စစ်ကောင်စီခန့် အောင်ချမ်းသာရပ်ကွက် ၏ ရာအိမ်မှူး ကိုအောင်သန်းသည် သြဂုတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က သေနတ်ဖြင့် ပစ်သတ်ခံရသဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။

ကိုအောင်သန်းသည် ရေပုန်းနယ်မြေ အောင်ချမ်းသာရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ချစ်ကိုကို၏ နောက်လိုက် ရာအိမ်မှူးတစ်ဦးဖြစ်သည်သည်ဟု သိရသည်။

ထို့အပြင် ၎င်းသည် မကြာသေးခင် လပိုင်းအတွင်းက စစ်ကောင်စီမှ ပြုလုပ်ခဲ့သည့် ပျူစောထီးသင်တန်းကို တက်ရောက် သင်ကြားခဲ့သူတစ်ဦးလည်း ဖြစ်သည်ဟု အာင်ချမ်းသာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြော သည်။

ကိုအောင်သန်း သေနတ်ဖြင့် အပစ်ခံရပြီးနောက် မြိတ်မြို့ပေါ်ရှိ လမ်းဆုံလမ်းခွ စစ်တပ် နေရာများတွင် ခပ်ကြမ်း ကြမ်း စစ်ဆေးမှုများရှိနေပြီး ဆိုင်ကယ် နှစ်ယောက် စီးနင်းသူများကိုလည်း သေနတ်ဖြင့် ပစ်ဖောက်ဖမ်းဆီးမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကိုအောင်သန်းအား ပစ်ခတ်မှုကို မြိတ်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နှင့် မြိတ်ခရိုင် တပ်ရင်း ၂ တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည် သြဂုတ်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းက မြိတ် (ပကဖ) အဖွဲ့မှ သတင်း ထုတ်ပြန် ဝန်ခံထားသည်။

ထိုသို့ ဆောင်ရွက်မှုကို နန်းထိုက်အောင် စစ်ဆင်ရေး အမည်ပေးထားသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါ ရှိ သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းကလည်း ၎င်းစစ်ဆင်ရေးအမည်ဖြင့် မြိတ်မြို့ ကန်ဖျားမြေနီ လမ်းဆုံ
လေယာဉ်ကွင်း အနီးတွင် ပြည်သူ့တပ်ဖွဲ့၏ စစ်ယာဉ် တစ်စီးကို မြိတ် (ပကဖ) ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ ပျူစောထီး တစ်ဦးသေဆုံးပြီး ၈ ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု သိရသည်။