အရပ်သား ဆိုင်ကယ်ကို ပစ်ခတ်ရာမှ အနီးရှီ လူနှစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။
စစ်ကောင်စီ တပ်ဖွဲ့က အကြောင်းမဲ့ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်မှုကြောင့် မြိတ်မြို့ဆိပ်ငယ်ရပ် ကမ်းနားလမ်းရှိ ပြည်သူ နှစ်ဦး ကျည်ထိမှန်ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
ဆိပ်ငယ်တံတားနှင့် ပြည်တော်သာတံတား အကြား၊ ပုလဲရတနာခန်းမအရှေ့တွင် လုံခြုံရေးကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သားများက အလုပ်မှ ပြန်လည်သည့် ပြည်သူ ၃ ဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကို ပစ် ခတ်ရာမှ အနီးရှိ ကုန်ထမ်းသမားတစ်ဦးနှင့် အတူ တခြားပြည်သူ တစ်ဦး ကျည်ထိမှန်သေဆုံးသွားခြင်း ဖြစ် သည်။
ဆိပ်ငယ်တံတားရှေ့တွင် ဈေးရောင်းနေသူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ဒိုင်း ဒိုင်း ဒိုင်းဆိုပြီး သေနတ်နဲ့ လေးငါးခြောက်ချက် အတွဲလိုက်ပစ်တာ။ ဆိုင်ကယ်နဲ့ စီးလာတဲ့ လူသုံးဦးကို သေနတ်မထိပဲ လွှတ် သွားတယ်၊ ကံဆိုးပြီး အလုပ်သမားတစ်ယောက်နဲ့ ခရီးသွားတစ်ယောက်တို့ကတော့ ကျည်ထိသွားတယ်” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ သြဂုတ်လ ၂၄ ရက်နေ့၊ ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ် က လူသုံးဦး ဆိုင်ကယ်စီးနင်းလာသည်ကို တွေ့ပြီး ဖမ်းဆီးရန် ခြောက်လန့် ပစ်ခတ်ရာမှ ရပ် တန့် မပေးဘဲ ဆက်လက်မောင်းပြေးခြင်းကြောင့် သေနတ်ဖြင့် ရမ်းသမ်း လိုက်လံပစ်ခတ်ခဲ့ရာမှာ မဆိုင်သည့် ပြည်သူ နှစ်ဦး ကျည်ထိမှန် သေဆုံးသွားခြင်း ဖြစ်သည်ဟု ပြည်တော်သာတံတားအနီး ဆိုင်ကယ် ကယ်ရီဆွဲသူ တစ်ဦးက ပြောသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က သေဆုံးခဲ့သူ နှစ်ဦး၏ ရုပ်အလောင်းများကို အရေးပေါ် လူနာတင် ယာဉ်ဖြင့် တင်ဆောင်သွားသည်ကို မြင်တွေ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
မြိတ်မြို့တွင် ယခုသြဂုတ်လအတွင်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့၏ ကား မိုင်းဆွဲခံရခြင်း နှင့် စစ် ကောင်စီအား သတင်းပေးနေသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ပျူစောထီး အဖွဲ့ဝင်များ ဆက်တိုက် ဆိုသလို ပစ်သတ်ခံနေကြရသဖြင့် မြို့ပေါ်တွင်ပါ စစ်ကောင်စီက စစ်ဆေူမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရှိ လမ်းဆုံလမ်းခွများတွင် အစစ်ဆေး ကြမ်းနေပြီး ဆိုင်ကယ်တွင် လူနှစ် ဦး စီးနင်းသူများကိုလည်း သေနတ်ဖြင့် ရမ်းသမ်း ပစ်ခတ်ဖမ်းဆီးမှုများ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။