တပ်စခန်းကို စနိုက်ပါနှင့် ပစ်။ ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။
မြိတ်ခရိုင်အတွင်း တပ်စွဲထားသော တပ်စခန်းတစ်ခုကို ကရင် အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ KNDO နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
စနိုက်ပါသေနတ်ဖြင့် ပစ်ခတ်ခဲ့သူ KNDO ပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦး က “ပစ်ခွင့်က ၅ ချက်ရတယ်။ ပစ်ကွင်း ရှင်းပေမယ့် ထိထိမိမိက ၂ ယောက်ပဲ ရှိတယ်။ ကျန်တဲ့ သုံးယောက်ကတော့ ထိပေမယ့် ချက်ကောင်းမဟုတ်လို့ ဒဏ်ရာလောက်ပဲ ရသွားတယ်” ဟု ပြောသည်။
မြိတ်ခရိုင်၊ ပုလောမြို့နယ် အတွင်း ပုလောကုန်းကျေးရွာ အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် တစ် မိုင်တောင် တပ်စခန်းကို KNU တပ်မဟာ ၄၊ တပ်ရင်း – ၇၊ တပ်ခွဲ – ၂ မှ KNDO တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ ပူးပေါင်းကာ စနိုက်ပါသေနတ်ဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတက်ဘက်ကလည်း လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပူး ပေါင်းအဖွဲ့ဘက်တွင် ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ယင်းတိုက်ပွဲအတွင်း ပါဝင်သည့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
တစ်မိုင်တောင်ဂိတ်ရှိ စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ပြီးသည့်နောက် နံနက် ၁၀ နာရီခန့်တွင် ပုလော အခြေစိုက် ခလရ ၂၈၅ တပ်ရင်းအတွင်းမှ တစ်မိုင်တောင်ဂိတ်စခန်းအနီးတစ်ဝိုက်နှင့် PDF ဆုတ်လမ်းများသို့ လက်နက်ကြီးဖြင့် ၁၀ ချက်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သေးသည် ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် တစ်မိုင်တောင် တပ်စခန်းကို KNDO တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည် သူ့ကာကွယ်ရေးအဖွဲ့တို့က ဗုဒ္ဓဟူးနေ့တွင် သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။