ဈေးရောင်းနေသူ နှစ်ဦးကို စစ်တပ်က ဖမ်းသွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။

ရေဖြူမြို့နယ်အတွင်း စျေးဆိုင်တွင် ဈေးရောင်းချနေသူ နှစ်ဦးကို စစ်တပ်က စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးသွားသည်ဟု ရွာသားများက ပြောသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ဈ နှမ်းကျဲကျေးရွာ လမ်းဆုံရှိ ဈေးဆိုင်တွင် စျေးရောင်ချနေသူ ကိုလွင်ဦးနှင့် ကိုအဂျိုးတို့ နှစ်ဦးကို စက်တင်ဘာ ၁၅ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်က စစ် ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ရွာသားများက ပြောသည်။

အသက် ၃၅ နှစ် အရွယ် ရွာသားတစ်ဦးက “အဖမ်းခံရတဲ့သူတွေက အိမ်မှာ ဈေးဆိုင်ဖွင့်ထားသလို ဆိုင်ကယ်နဲ့ လည်း အနီးနားက ရွာတွေမှာလည်း လိုက် ရောင်းတယ်။ ဘာကြောင့်ဖမ်းသွားတာလဲ မသိရတော့ မိသားစုတွေ စိတ်ပူနေကြတယ်” ဟု ပြောသည်။

နေအိမ်တွင် ဈေးရောင်းချနေသည့် ၎င်းတို့ နှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက Vigo ကားတစ်စီးဖြင့် လာ ရောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် ထိုနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် နှမ်းကျဲလမ်းဆုံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ဝန်းကျင် ခန့် ထပ်မံရောက်ရှိလာသည်ဟု သိရသည်။

ထားဝယ်ဘက်က အဆင်းကားများနှင့် အတက်ကားများကိုပါ စစ်ကောင်စီတ တပ်ဖွဲ့ဝင်များက ရှာဖွေ စစ်ဆေး မှုများ ပြုလုပ်ကာ စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာသွားသည် ဟု ရွာသားများက ပြောသည်။