ဆိုင်ကယ်စီး စစ်ကောင်စီနှင့် ပျူစောထီးများကို ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ရာ ၆ ဦး သေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။

ဆိုင်ကယ်စီးလာသည့် စစ်သားနှင့် ပျူ စောထီးအဖွဲ့ဝင်များကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်သားနှင့် ပျူစောထီးအဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့သည်ဟု ဒေသခံ များက ပြောသည်။

တိုက်ခိုက်မှုမှာ စက်တင်ဘာလ ၁၆ ရက်နေ့က မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦး က “နေရာတင် ၆ ယောက်သေတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာပြင်းတယ်။ လက်နက်ကြီးနဲ့ သူတို့ဘက်က နှစ် ချက်ပစ်လို့ ကိုယ့်ရဲဘော်တွေကို မထိစေချင်လို့ တစ်လက်ပဲ ကောက်ပြီးဆုတ်ခဲ့တာပါ” ဟု ပြောသည်။

ဆိုင်ကယ်လေးစီးနှင့် ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ၄ ယောက်တို့ကို မြိုင်မြို့နယ် ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံးသွားပြီး လက်နက်အချို့ကိုလည်း သိမ်းဆည်းရ မိခဲ့သည်ဟု သိရသည်။

ပစ်ခတ်မှုဖြစ်စဥ်အတွင်း သေနတ် (၁)လက်၊ ကျည်အိမ် (၁)ခု၊ ကာဘိုင်ကျည် ၂၂တောင့် သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က အထိအခိုက် တစ်စုံတစ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ဆိုသည်။

မြိုင်မြို့နယ်အတွင်းက မိတ္ထီလာကျေးရွာ၊ ရွာတန်းရှည် ကျေးရွာနှင့် ဆယ်ပြားကျေးရွာများက ပြည်သူများကို အနိုင်ကျင့်နေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့ဝင်များက ဝက်ပုတ်ကျေးရွာကို ပြန်လာချိန်တွင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ဝက်ပုတ်ကျေးရွာတွင် တပ်စွဲနေနေကြခြင်း ဖြစ်ပြီး အဆိုပါ ကျေးရွာ အပြင် အနီးအနားရှိ အခြားသော ကျေးရွာများရှိ အိမ်များကို ဝင်ရောက်မွှေနှောက်ရှာဖွေကာ အဖိုးတန် ပစ္စည်း များကို သိမ်းယူခြင်းများ ရှိနေသည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

ယခု တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – မြိုင်မြို့နယ်၊ တပ်ရင်း (၁)၊ တပ်ခွဲ (၁) နှင့် ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။

ယခုလ စက်တင်ဘာလ ၁၄ ရက်နေ့ တွင်လည်း မြိုင်မြို့နယ်၊ ကျောက်စရစ်ကန်ကျေးရွာနှင့် သစ်ပင်ကြီးကျေးရွာ အကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြိုင် PDF က ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။