ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျပြီး ကလေး ၂ ဦးအပါ လူ ၄ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။
စစ်ရှောင်များ ခိုလှုံနေသော ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီး ကျရောက်ကွဲခဲ့ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၄ ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။
ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ပေါ်တွင် သောကြာနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးကျည် နှင့် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၄ သေဆုံးပြီး ၁၃ ဦး ထိခိုက် ဒဏ် ရာရရှိခဲ့ခြင်း ဖြစ်သည်။
“ဒီ မွေတော်ဘုရားဘက်ကို လက်နက်ကြီးနဲ့ ပစ်တာ။ မနေ့ညထဲက လက်နက်ကြီးထုသံတွေ ကြားနေရတာ။ ဒီမနက်ကျတော့ ဘုန်းကြီးကျောင်းထဲအထိ ကျလာတာပေါ့နော်။ အဲ့ဒါ ကလေးနှစ်ယောက်နဲ့ အမျိုးသားနှစ် ယောက် လက်နက်ကြီးကျည်စတွေ မှန်သွားတာ။ ဒီခေါင်းနဲ့ ဗိုက်တွေမှာ ကျည်စတွေမှန်ပြီး ဆုံးသွားတာ ဟုတ် ပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ သူတို့အတွက် ကူညီနေကြပါတယ်” ဟု အကူအညီပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။
မိုးဗြဲအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-၄၂၂ တပ်ရင်းက တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးနှင့် ရမ်းသမ်း ပစ်ခတ်ခဲ့သည့်အတွက် စစ်ဘေးရှောင်များ နေထိုင်နေသည့် မိုးဗြဲမြို့ ရှိ မွေတော်ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံး ထိခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
စစ်ရှောင်များအား ကူညီပေးနေသူ အမျိုးသားတစ်ဦးက “အခု ဒီ မွေတော်ဘုန်းကြီးကျောင်းက ဒီမှာက သေနတ် သံ၊ တိုက်ပွဲသံတွေ ပစ်ခတ်သံကြားရင် လူတွေအားလုံး က ဒီနေရာမှာ လာနေကြတာ။ သူတို့အတွက် လုံခြုံတယ် လို့ ယူဆတဲ့ နေရာတွေဖြစ်တဲ့ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေမှာ လာရှောင်နေကြတာ။ အခုတော့ ဒီလိုနေရာတွေလည်း မလုံခြုံတော့ဘူးဗျာ” ဟု ပြောသည်။
စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် မောင်နှမ ၂ ဦး နှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသား ၂ ဦး စုစုပေါင်း ၄ သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၁၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
မိုးဗြဲမြို့တွင် စက်တင်ဘာလဆန်းကစတင်၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက် ပွဲများ ပြင်းထန်ခဲ့ရာ စက်တင်ဘာ ၁၂ ရက်နေ့မှစတင်၍ အပြန်အလှန် ပစ်ခတ်မှုများ ခေတ္တငြိမ်သက်သွားရာ မှ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်တွင် စစ်တပ်က အရပ်သားများ နေနေသည့် ဘုန်းကြီးကျောင်းဘက်ကို လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာလ ၁၂ ရက်နေ့ စတင်၍ နှစ်ဖက်ကြား ပစ်ခတ်မှုများ ခေတ္တငြိမ်သက်သွားသော်လည်း မိုးဗြဲမြို့ပေါ် တွင် တိုက်ပွဲများ အချိန်မရွေး ပြန်လည် ဖြစ်ပွားလာနိုင်သည့် အတွက် ဒေသခံများအနေဖြင့် လုံခြုံသည့် နေရာ များသို့ ရှောင်ရှားပေးကြဖို့နှင့် အထူးသတိထားသွားလာကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေး ထုတ် ပြန်ထားသည်။