ကျောက်တူးသမားတစ်ဦး ကျောက်တွင်းအတွင်း လေပြတ် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။

အနက်ပေ ၁၈၀ ခန့် နက်သည့် မိုးကုတ် ကျောက်မျက်တွင်းထဲ အမျိုးသားတစ်ဦး အောက်စီဂျင်ပြတ်ကာ သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်း၊ ရှောလီဝိုင်းအုပ်စု၊ ရွှေတိုင်ရပ်ကွက်က ကျောက်မျက်တွင်းထဲတွင် အောက် တိုဘာလ ၅ ရက်နေ့က အမျိုးသားတစ်ဦး အောက်ဆီဂျင် လေပြတ်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ အောက်တွင်းထဲကပဲ၊ အပေါ်မှာ လူမရှိဘူး ခဏနေကြတော့ လေပြတ်ပြီ လေပြတ်ပြီ ဆိုပြီး အော် တာ။ ခဏကြာတော့ ကယ်ဆယ်ရေးတွေ ရောက်လာတယ်။ သူတို့တွင်းက ငြမ်းကျိုးကျတာတော့ မဟုတ်ဘူး၊ တွင်းက တစောင်း။ လေပြတ်သေတာ” ဟု မိုးကုတ်မြို့ခံ တစ်ဦး က ပြောသည်။

သေဆုံးသူ တူးနေခဲ့သည့် ကျောက်မျက်တွင်းဟောင်းမှာ အကျယ် ၆ ပေ၊ အနက် ၁၈၀ ပေ ခန့်ရှိသည်။

အဆိုပါ ကျောက်မျက်တွင်း၏ အောက်ဆုံးအထိ ကျောက်မျက်တူး လုပ်ကိုင်ခြင်းကြောင့် အောက်စီဂျင် လေပြတ်ကာ သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့မျးက လာရောက် ကူညီကယ်ဆယ်ပေးခဲ့သော်လည်း အောက် တိုဘာလ ၅ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်အချိန်မှ သေဆုံးသူ၏ အလောင်းကို ထုတ်ယူနိုင်ခဲ့သည်ဟု သိရ သည်။

ထို့နောက် အောက်စီဂျင် လေပြတ်ကာ သေဆုံးသူကို မြတ်စေတနာ လူမှုကူညီရေးအသင်း၏ ကားနှင့် မိုးကုတ် မြို့ရှိ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရသည်ဟု လူမှုကူညီရေးအသင်းက အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မိုးကုတ်မြို့တို့တွင် နေထိုင်သူတို့သည် ကျောက်တွင်းများကို အမှီသဟဲပြု၍ နေထိုင်ကြပြီး အများစုမှာ တပိုင်တ နိုင် ကျောက်များတူးဖော်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်များဖြင့် အထည်ပြုလုပ်ခြင်း၊ ကျောက်ရောင်းခြင်း၊ ကျောက်ပွဲစားလုပ်ခြင်းတို့ဖြင့် အဓိက အသက်မွေးဝမ်းကျောင်းကြသည်ဟု မြို့ခံများက ဆိုသည်။