ပရိယတ္တိစာသင်တိုက် ဗုံးဒဏ်သင့်၊ မီးလောင်ပျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားသုံးဆူဒေသရှိ ပရိယတ္တိ စာသင်တိုက် ကျောင်းကြီးတစ်ကျောင်း မီးလောင်သွားပြီး ဦးဇင်းတစ်ပါး ထိခိုဏ်ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကောင်စီတပ်က ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဝင်းရေဒေသရှိ မက္ကသာကျေးရွာကို လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည့် အခြေအနေနှင့် ပတ်သက်၍ မက္ကသာကျေး ရွာ ပရိယတ္တိ စာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးသီရိန္ဒက ယခုကဲ့သို့ မိန့်သည်။

“အဲဒီ လေယာဉ် ဗုံးမကြဲခင်မှာဆိုတော့ အောက်တိုဘာလ ၃ ရက်နေ့ လေယာဉ်လာဝဲကြတာပေါ့။ လာဝဲရင်းနဲ့ ဘုန်းကြီးက စာသင်တိုက်ဖြစ်ပြီဆိုတော့ အဲဒီကြားထဲမှာ အခြေအနေမကောင်းရင်းနဲ့ ဦးဇင်းက တကျောင်းလုံးနဲ့ ကိုရင်ရော ဘာရော ထွက်ပြေးကြတယ်။ ထွက်ပြေးပြီးနောက်ပိုင်းမှာ ကျောင်းမှာ ဦးဇင်းကြီးတစ်ပါး ကျန်ခဲ့ တယ်။ ကျန်ခဲ့ပြီးတာနဲ့ တစ်ရက် နှစ်ရက်ပေါ့ ၅ ရက်နေ့ညပေါ့နော ၅ ရက်နေ့ညဆိုတော့ ၆ ရက်နေ့ ကြားပေါ့ ၅ ရက်နေ့ကြားဆိုတော့ ၂ နာရီ ခွဲက ဗုံးလာကြဲသွားတယ်လေ။”

ထိခိုက်ပျက်စီးမှု အခြေအနေနှင့် ပတ်သက်၍ ဆရာတော်က ယခုကဲ့သို့ ဆက်မိန့်သည်။

“ထိခိုက်ပျက်စီးတာကတော့ ကျောင်းတစ်ကျောင်းလုံး မီးလောင်သွားတယ်။ ရှိသမျှ ကျောင်းပစ္စည်းတွေ ဘာ တွေ အကုန်ပေါ့။ အဲဒီ ဆိုင်ကယ်တွေ ဘာတွေ ကွန်ပြူတာတွေ ဘာတွေ ရှိသမျှဟာတွေ အကုန်ပျက်စီးသွား တယ်။ အကုန်လုံးမီးလောင် သွားတယ်လေ။ ထိခိုက်ဒဏ်ရာ ရရှိမှုတော့ မရှိဘူး။ ဦးဇင်းကြီးတစ်ပါး နည်းနည်း ထိရှသွား တယ်။ ခေါင်းနည်းနည်းထိတယ်။ အနည်းအကျဉ်းပေါ့နော။ အနည်းငယ်ပဲ ထိသွားတယ်။”

ထိုသို့စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် ရွာသားများမှာ စစ်ဘေး လွတ် ရာ တောတောင်ထဲနှင့် ထိုင်း-မြန်မာနယ်စပ်ဖက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု မက္ကသာကျေးရွာ ဒေသ ခံများက ပြောသည်။

သိန်းပေါင်းမြောက်များစွာ အကုန်အကျခံပြီး တည်ဆောက်ထားသည့် စာသင်တိုက် ယခုကဲ့သို့ ထိခိုက်ပျက်စီး သွားသည့်အတွက် ဖြစ်ပေါ်လာသည့် ခံစားချက်နှင့် ပတ်သက်၍ မက္ကသာကျေးရွာ ပရိယတ္တိ စာသင်တိုက် ကျောင်းထိုင် ဆရာတော် ဦးသီရိန္ဒက ယခုကဲ့သို့ ဆက်မိန့်သည်။

“ဘုန်းကြီးက နိုင်ငံရေး အလုပ်လည်းမလုပ်ပဲ အဲဒီသာသနာရေး တစ်ခုပဲ လုပ်တယ်ဆိုတော့ ဘာတစ်ခုမှ ရော နှောမှု မရှိပဲနဲ့ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လာပစ်တဲ့ သဘောလည်း ပြောလို့ရမှာပေါ့နော။ စိတ်က ထိ ခိုက်တယ်။ ဘယ်လောက်အထိ ထိခိုက်တယ်ဆိုတော့ မပြောတတ်ဘူးနိုင်တော့ဘူးပေါ့နော။ တော်တော်လေး ထိတယ်။ ခံစားနေရတာပေါ့။ ကိုယ်က ကျောင်းတိုက်တစ်ကျောင်းလုံး တည်ထောင်လာနေရတာဆိုတော့ သိန်း ပေါင်းများစွာနဲ့ ထောင်ပေါင်းများစွာနဲ့ အကုန်ကျခံပြီးတော့ တည်ထောင်လာတဲ့ဟာတွေလည်း သူက သုံညထိ ပြန်ဖြစ်သွားတဲ့ သဘောဆိုတော့ တော်တော်လေးကို စိတ်မကောင်းဘူးပေါ့နော တော်တော်လေး စိတ်နာသွားတဲ့ သဘော။”

ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ထဲတွင် စက်တင်ဘာလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ တပ်၏ ဘုရားတောင်စခန်းအား KNLA ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး နောက်ပိုင်း နှစ်ဘက်ကြား စစ်ရေးတင်းမာနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ဘုရားတောင်စခန်း တိုက်ခိုက်ခဲ့ရပြီးနောက် တစ်ပတ်အတွင်း ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဝင်းရေဒေသရှိ မက္ကသာကျေးရွာ ပရိယတ္တိ စာသင်တိုက် ကျောင်းကြီး လေယာဉ်ဖြင့် ဗုံးကြဲခံရခြင်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်သူ့ ကာ ကွယ်ရေး တပ်ဖွဲ့ PDF များနှင့် စစ်ကောင်စီတပ်တို့အကြား နိုင်ငံအနှံ့တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွား လာခဲ့သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍သော်လည်းကောင်း၊ လေယာဉ် ဖြင့် ဗုံးကြဲ တိုက်ခိုက်၍ သော်လည်းကောင်း လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦ များ ဖြစ်သည့် ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများမှာ လက်နက်ကြီး ထိမှန်ကာ မီးလောင်ပျက်စီးခဲ့ရ သည် သာမကာ လူသေဆုံးမှုများမှာလည်း နိုင်ငံအနှံ့တွင် ဖြစ်ပွားလျက်ရှိသည်။