ဗန်းမောက် ဒေသခံများ စစ်ဘေးရှောင်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင် ၆၀၀ ကျော်အတွက် အကူအညီများ လိုအပ်နေသည်ဟု ကူညီပေးနေ သူများ က ပြောသည်။
အောက်တိုဘာလ တတိယပတ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးလာကြရသည့် စစ်ရှောင် ၆၀၀ ကျော်အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား အပြင် ဆေးဝါးများလည်း လိုအပ်နေခြင်း ဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းထိုးမှုနှင့် အတူ လက်နက်ကြီးများ နေ့စဉ်ရမ်းသန်း ပစ်ခတ်နေခြင်းတို့ကြောင့် မိုးမောက် ဒေသခံများသည် မိုးမောက်မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းများနှင့် ဗန်းမော်မြို့ရှိ ၃ မိုင် ကွက်သစ်၊ ရွှေပြည်သာ IDP Camp နေရာတို့တွင် စစ်ဘေးတိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင် ပြည်သူများက ပြောသည်။
စစ်ရှောင်များ၏ အခြေအနေနှင့် ပတ်သက်၍ စစ်ရှောင်အဖွဲ့ တာဝန်ခံ စိုင်းပြုံးချိုက “ကျနော်တို့စဖြစ်တဲ့နေ့ က တည်းက ၂၀ ရက်နေ့လား စဖြစ်တာ အဲကတည်းက ရှောင်ထားတာ မိုးမောက် လောကမဟာစေတီ ဘုန်းကြီး ကျောင်းနဲ့ နိသောကရာမ ဘုန်းကြီးကျာင်းမှာ အားလုံးရှောင်တိမ်းထားတာ။ အဲဒီမှာ ယနေ့ အထိပေါ့နော်။ ကျ နော်တို့ ၃ မိုင် စစ်ရှောင်စခန်းမှာကျတော့ သူတို့က လာဖို့ကျတော့ အလှမ်းဝေးသွားတာပေါ့။ သူတို့နဲ့ နီးစပ်တဲ့ အဲ့ဒီ မိုးမောက် ဘုန်းကြီးကျောင်းမှာပဲ ရှောင်တိမ်းထားကြတယ်” ဟု ပြောသည်။
မိုးမောက်မြို့က လုံဂျာတောင်အနီး အောက်တိုဘာလ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်က ဗျူဟာမှူး မိုင်းနင်း မိပြီး သေဆုံးသွားခြင်းကြောင့် သာလွန်အင်အားနှင့် စစ်တပ်က စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်ဟုလည်း ဒေသခံများ က ဆိုသည်။
လက်ရှိတွင် ဗန်းမော်မြို့ ၃ မိုင် ကွက်သစ် ရွှေပြည်သာရှိ စစ်ရှောင် ၁၀၀ ကျော်ခန့်ကို WFP နှင့် ကရုဏာအဖွဲ့တို့က အခြေခံ စားနပ်ရိက္ခာအချို့ကို ကူညီပေးထားသော်လည်း လုံလောက်မှု မရှိဘူးဟု စစ်ရှောင်များနှင့် တာဝန်ခံများ က ဆိုသည်။
အလားတူ မိုးမောက် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ၆၀၀ ကျော်ခန့်လည်း အကူအညီ များ မရသေးဘူးဟု ကူညီပေးသူ အချို့က ပြောသည်။
စစ်ရှောင်များကို အကူအညီပေးသည့် ဒေသခံတစ်ဦးက “အခုလောလောဆယ်ကတော့ မနေ့ကထိကတော့ သူတို့ ကတော့ ကူညီတဲ့ တခြားအဖွဲ့အစည်းတွေက မရောက်သေးလို့ ပြောတာပဲ။ သူတို့သတင်းအချက်အလက် ကျနော်မေးမြန်းကြည့်တော့ ကျန်တဲ့အဖွဲ့တွေ လက်လှမ်းမီတဲ့ ပုဂ္ဂလိက အဖွဲ့တွေ အဲ့လိုပဲ ရောက်နှင့်ထားတယ် လို့ အဲ့လိုကြားသိရပါတယ်။ ဟိုလိုမျိုး အခြေခံအစားအစာလောက် ပေါ့ဗျာ လုံလုံလောက်လောက် ဘာညာဆို တာကတော့ မရှိဘူးပေါ့နော်။ အဲ့လိုမျိုးအထိကတော့ ဒါပေမယ့် ကျန် တဲ့လူတွေကတော့ ယောက်ကျားသားတွေ ဘာတွေကတော့ အပြင်မှာ အလုပ်ရှာပြီးတော့ နေ့စားလုပ်ရတာ ပေါ့ဗျာ” ဟု ပြောသည်။
လက်ရှိ မိုးမောက်မြို့က ဒေသခံပြည်သူများသည် ရုတ်တရက် စစ်ဘေးရှောင် ထွက်ပြေးလာရခြင်းကြောင့် ကောက်ပဲသီးနှံများလည်း မရိတ်သိမ်းနိုင်ကြပဲ ဆုံးရှုံးရမည့် အခြေအနေမျိုး ဖြစ်နေသည်ဟု စစ်ရှောင်များက ပြောသည်။
မိုးမောက်မြို့က စစ်ဘေးရှောင် IDP Camp စခန်းများတွင် လုံခြုံမှုမရှိခြင်း၊ စားနှပ်ရိက္ခာ၊ နေရာထိုင်ခင်းများ လုံ လောက်မှု မရှိခြင်း စသည့် အခက်အခဲများအပြင် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် များလည်း ရေရှည်တွင် ပိုမိုခက်ခဲလာနိုင်သည့်အတွက် ကူညီပေးကြဖို့ စစ်ရှောင်စခန်း တာဝန်ခံများနှင့် အကူ အညီပေးနေသူများက တောင်းဆိုနေကြသည်။
ဓါတ်ပုံ – Tai Youth Yangon