ဖျာပုံ နဂါးနက် တပ်ဖွဲ့ဝင် ဆိုသူများ လူသတ်မှုဖြင့် တရားစွဲခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှ BDFP အဖွဲ့ဝင်ဆိုသူ ၁၅ ဦးကို စစ်ကောင်စီက လူသတ်မှုဖြင့် တရားစွဲလိုက်သည်။

ဖျာပုံမြို့တွင် Black Dragon Force Pyapon (ဖျာပုံ နဂါးနက် တပ်ဖွဲ့) အဖွဲ့ဝင်များဟု စွပ်စွဲကာ ဖမ်းဆီးခံထားရသည့် အမျိုးသမီး တစ်ဦး ပါဝင်သည့် ၁၅ ဦး အဖွဲ့ကို စစ်ကောင်စီက လူသတ်မှုဖြင့် နိုဝင်ဘာလ ၁ ရက်နေ့က ဖျာပုံခရိုင် တရားရုံးတွင် စတင် တရားစွဲဆိုခြင်း ဖြစ်သည်။

“လောလောဆယ် လူသတ်မှု နဲ့ စွဲတာ နောက်အမှုတွေ ကျန်သေးတယ်လို့ သိရတယ်။ ဖျာပုံမှာတော့ နိုင်ငံရေး အမှုကို လူမြင်ကွင်း ရုံးထုတ်လာပြီး စစ်တာ ပထမဆုံး အကြိမ်ပဲ” ဟု ရှေ့နေတစ်ဦး ကပြောသည်။

ဧရာဝတီတိုင်းအတွင်းမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှု များလုပ်ခဲ့သည် ဟု ဆိုကာ ကြေညာချက် ထုတ် ပြန်ခဲ့ဘူးသည့် Black Dragon Force Pyapon-BDFP အဖွဲ့ဝင်များ အဖြစ် စွပ်စွဲဖမ်းဆီးခံရသူ ၁၅ ဦး အဖွဲ့ကို စစ် ကောင်စီက လူသတ်မှု ဥပဒေပုဒ်မ (၃၀၂) ဖြင့် တရားစွဲဆိုလိုက်သည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

Black Dragon Force Pyapon-BDFP အဖွဲ့ဝင်များ အဖြစ် စွပ်စွဲဖမ်းဆီး ခံထားရသူ ၁၅ ဦး ကို ယခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့က ဖျာပုံမြို့တွင် ဖြစ်ပွားခဲ့သည့် ထွေ/အုပ် စာရေးမ အပါအဝင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ် သတ်ခံခဲ့ရသည့် ဖြစ်စဉ်အတွက် ဖြစ်သည်ဟု ရှေ့နေ့အသိုင်းအဝိုင်းက ဆိုသည်။

“အဲ့ဒီအမှုအတွက် စစ်ကောင်စီဘက်က ဒု-ရဲမှူး အောင်လွင်က တရားလိုလုပ်ပြီး အမှုဖွင့် တရားစွဲတင်ရတာ။ လာ မယ့် နိုဝင်ဘာ (၁၅) ရက်နေ့မှာ ဒုတိယအကြိမ် ထပ်ရုံးထုတ်မှာဖြစ်တယ်” ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦး က သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။

စစ်ကောင်စီ က Black Dragon Force Pyapon-BDFP အဖွဲ့ဝင် ဟု စွပ်စွဲခံရသူ အချို့ကို ဩဂုတ် ၂၉ ရက်နေ့ က စတင်ဖမ်းမိခဲ့ပြီးနောက် စက်တင်ဘာလဆန်းပိုင်း အရောက်တွင် စုစုပေါင်း (၁၅) ဦး ဖမ်းဆီးရမိခဲ့သည် ဟု စစ် တပ်၏ ဝါဒဖြန့် သတင်းစာများမှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် “Black Dragon Force Pyapon-BDFP” အဖွဲ့က ဧရာဝတီတိုင်း ဖျာပုံ နှင့် မအူပင်မြို့နယ်အတွင်း စစ်ကောင်စီ၏ နေရာအချို့ နှင့် လူပုဂ္ဂိလ်အချို့ကို တိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့သည် ဟုလည်း အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြခဲ့သည်။