ကော့သောင်းတွင် ယာဉ်ထိန်းရဲ တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ယာဉ်ထိန်းရဲတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု မြို့ခံများက ပြောသည်။
ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ မွန်စုလမ်းကြားတွင် ယာဉ်ထိန်းရဲ ဆန်းမောင်အောင်သည် နိုဝင်ဘာ လ ၁၄ ရက်နေ့၊ ည ၈ နာရီခွဲ အချိန်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။
ယာဉ်ထိန်းရဲ ဆန်းမောင်အောင်သည် ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် မွန်စုလမ်းကြား အရောက်တွင် အသင့် စောင့်ဆိုင်းနေသည့် လူ ၃ ဦးက တားဆီးပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နေရာတွင်သေဆုံးသွားခဲ့ခြင်း ဖြစ် သည်။
အသက် ၃၅ နှစ်အရွယ် ပိတောက်ရွှေဝါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက “သေနတ်သံ လေးငါးချက်ကြား ရ တယ်။ အနီးအနားရှိတဲ့ လူတွေ ကြောက်လန့်ပြီး ဟိုပြေးဖြစ်ကုန် တာ” ဟု ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အဆိုပါ ယာဉ်ထိန်းရဲသည် ဝမ်းဗိုက်၊ ဦးခေါင်း၊ လက်တို့တွင် ကျည်ထိမှန်ခဲ့ပြီး အလောင်းကို အရေးပေါ် လူနာတင်ကားဖြင့် ကော့သောင်းကို သယ်ယူသွားသည်ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။
သေဆုံးသူ ယာဉ်ထိန်းရဲ ဆန်းမောင်အောင်သည် ဒေသတွင်း ဆိုင်ကယ်နှင့် ကားများ ဖမ်းဆီးရာတွင် အပြောအဆို ကြမ်းတမ်းပြီး ကိုယ်ထိလက်ရောက် ပြုမူမှုများအပြင် ငွေကြေး အလွန်အမင်း တောင်းခံလေ့ရှိသည့်အပြင် ခရိုနီ များ၏ လိုင်စင်မဲ့ကားများအား လိုင်းကြေး ကောက်ခံနေသူလည်း ဖြစ်သည်ဟု ဆိုင်ကယ်ကယ်ရီ မောင်းသူများ က ပြောသည်။
ယာဉ်ထိန်းရဲ ဆန်းမောင်အောင်ကို ကော့သောင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (၃) မှ ပစ္စတိုသေနတ်ဖြင့် ၅ ချက် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု နိုဝင်ဘာလ ၁၅ ရက်နေ့၊ နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲများရောက်ရှိ လာ ပြီး အနီးဝန်းကျင်နှင့် လမ်းသွားလမ်းလာများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ညနက်သည်အထိ သေနတ်များ ပစ် ဖေါက်မှုများ လုပ်ဆောင်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။
ကော့သောင်းမြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့သည် နေ့စဉ်ရက်ဆက် နေ့ရောညပါ မြို့တွင်း နေရာအနှံ့တွင် လိုင်စင်မဲ့ ဆိုင်ကယ်များအား ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုများ လုပ်နေသည်ဟု မြို့ခံများက ပြောသည်။