KNU နယ်မြေ ခနောက်စိမ်း သတ္တုမိုင်းကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) နယ်မြေ အတွင်းရှိ သပြု ခနောက်စိမ်းသတ္တုမိုင်းကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် သေဆုံးသူ ၃ ဦးနှင့် အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

KNU တပ်မဟာ (၆) ဒူပလာယာခရိုင် နယ်မြေအတွင်းရှိ မက္ကသာကျေးရွာအနီး သပြု ခနောက်စိမ်းသတ္တုမိုင်း လုပ်ကွက်ကို နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်က စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

“မိုင်းလုပ်ကွက်နေရာကို လေယာဥ်နဲ့ ဗုံးကြဲတာ၊ အဲမှာရှိနေတဲ့လူတွေ ထိတယ်။ သေတာက ၃ ယောက် ဒဏ်ရာ ရတာတွေလည်း ရှိတယ်။ မိုင်းလုပ်ကွက်လည်း အတော်ပျက်စီးသွားတယ်” ဟု ဘုရားသုံးဆူ ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် သပြုသတ္တုတွင်း လုပ်ကွက် အမှတ်(၆) တွင် ရှိသည့် သတ္တုတွင်း အလုပ်သမား ၃ ဦး ပွဲချင်းသေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်။ ထိခိုက် ဒဏ်ရာရရှိသူများ ထဲ တရုတ်အမျိုးသားတစ်ဦးလည်း ပါဝင်သည်ဟု ဖြစ်စဉ်အတွင်းရှိခဲ့သည့် အလုပ်သမားများက ပြောသည်။

“ကျတာက အလုပ်သမားဆောင်မှာ တည့်တည်ကျတာ။ ကျနော်တို့ နေတဲ့အဆောင်တော့ မဟုတ်ဘူး။ တည့် တည့်ကျတော့ ပွဲချင်းပြီး ၃ ယောက်သေတယ်။ အဆောင်တွေကတော့ အကုန်ပျက်စီးသွားပြီး” ဟု ပြောသည်။

ထို့အပြင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သပြု ခနောက်စိမ်းသတ္တုမိုင်း လုပ်ကွက်လည်း ပျက်စီးသွားသည် ဟု ပြောသည်။

သတ္တုမိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရသူများထဲတွင် သတ္တုမိုင်းတွင် လုပ်နေသည့် တရုတ် နိုင်ငံသားလည်း ပါဝင်သည်ဟု ဒေသခံများက ပြောဆိုနေသော်လည်း ၎င်း၏ နောက်ဆုံးအခြေအနေကို အသေး စိတ် မသိရသေးပေ။

ယခုလေယာဉ်ဖြင့် ဗုံးကြဲခံရသည့် သတ္တုမိုင်းတူးဖော်သည့်နေရာသည် KNU ထိန်းချုပ်နယ်မြေထဲတွင် ရှိသော် လည်း နိုင်ငံတော်က ချပေးသည့် လိုင်စင်ဖြင့် လာရောက်တူးဖော်နေကြခြင်း ဖြစ်သည်ဟု သတင်းမီဒီယာ အချို့ တွင် ရေးသားဖော်ပြနေကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့၊ နံနက် ၂ နာရီကျော် အချိန်ခန့်ကလည်း မက္ကသာကျေးရွာကို စစ်ကောင်စီ က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် မက္ကသာကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးလောင် ပျက်စီးသွားခဲ့ သည်။

KNU တပ်မဟာ ၆ နယ်မြေထဲတွင် စစ်ကောင်စီတပ်နှင့် KNU ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ပြင်းထန် လာနေပြီး စစ်ကောင်စီတပ်ဘက်က မြေပြင်တိုက်ခိုက်မှုအပြင် လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်လာ နေ ခြင်း ဖြစ်သည်။