ပုသိမ်ထောင်မှ လွတ်သူများတွင် သတင်းထောက် တစ်ဦးနှင့် နိုင်ကျဉ်း ၄၆ ဦး ပါဝင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်ထောင်မှ လွတ်လာသူများထဲတွင် ပုသိမ်မြို့အခြေစိုက် မြန်မာသံတော်ဆင့် သတင်း ထောက် ကိုရဲရင့်ထွန်း နှင့် နိုင်ငံရေး အကျဉ်းသား ၄၆ ဦး ပါဝင်သည်။

စစ်ကောင်စီက နိုဝင်ဘာလ ၁၇ ရက်နေ့ရက်စွဲဖြင့် လွတ်ငြိမ်းခွင့်တွင် ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသား ၂၀၀ ဦး လွတ်မြောက်လာရာ၊ သတင်းထောက် ကိုရဲရင့်ထွန်း အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄၇ ဦး၊ အခြားပြစ်မှု အကျဉ်းသား ၁၀၃ ဦးနှင့် ရိုဟင်ဂျာ ၅၀ ဦးတို့ လွတ်မြောက်လာသည်ဟု အကျဉ်းဦးစီးဌာန နှင့် နီးစပ်သူများ က ပြောသည်။

“လွတ်လာတဲ့ နိုင်ကျဉ်းတွေက ပုသိမ်ခရိုင် ၇ မြို့နယ်ထဲကပါ။ အမျိုးသမီး ၃ ဦးလည်း ပါတယ်။ နိုင်ကျဉ်း ပုဒ်မ ၅၀၅ သမားတွေ ပဲလွှတ်ပေးတာ။ NLD ပါတီကနဲ့ တခြား လူသိများတဲ့ နိုင်ငံရေးသမားတွေတော့ လွှတ်ပေးတဲ့ ထဲ မပါဘူး” ဟု ပုသိမ်မြို့ခံ နိုင်ငံရေး လူမှုရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၄၇ ဦး အနက် အမှန်တကယ် လွတ်လာသူ မှာ ၄၆ ဦးသာဖြစ်ပြီး ပုသိမ် မြို့၊ အမှတ် ၈ ရပ်ကွက်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဌေးဝဏ္ဏ ဆိုသူအား နောက်တမှုကျန်ရှိ နေသည် ဆို ကာ ထောင်ဗူးဝမှာပင် ထောင်ဝန်ထမ်းများက ပြန်လည် ဖမ်းဆီးထားလိုက်သည် ဟု လွတ်မြောက်လာသူများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီက လွတ်ငြိမ်းခွင့် နှင့် ပြန်လွှတ်ပေးလိုက်သည့် နိုင်ငံရေး အကျဉ်းသားများကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ လ နောက်ဆုံးပတ်အတွင်းနှင့် ဇွန်လအတွင်းက စစ်တပ် အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင် ဆန္ဒပြရာမှာ ပါဝင်ပါတ်သက်သူများ အဖြစ် စွပ်စွဲကာ ဖမ်းဆီးခံရသူ အများစု ပါဝင်ကြသည်ဟု မြို့ခံများက ပြောသည်။

လွတ်မြောက်သူ တစ်ဦးက “လွတ်လာတဲ့ နိုင်ကျဉ်းတွေက ထောင် ၂ နှစ် ချခံသူတွေ ဖြစ်ပြီး လွတ်ဖို့ ၆ လ လောက်ပဲ လိုတော့တဲ့ သူတွေပါ။ ထောင်က လွတ်ရက်နီးသူတွေ ကိုလွှတ်ပေးတာ” ဟု ပြောသည်။

စစ်ကောင်စီ က ၎င်းတို့ လွတ်ငြိမ်းခွင့်ဖြင့် လွှတ်မပေးလိုသော နိုင်ငံရေး အကျဉ်းသားများကို နောက် အမှု လုပ် ကြံထပ်တိုးလိုက်ပြီး ပုဒ်မ အမျိုးမျိုးတပ်ကာ ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားသည် ဟု လွတ်မြောက်လာ သည့် နိုင်ကျဉ်း အချို့ က ဆိုသည်။

စစ်ကောင်စီက နိုင်ငံတကာ သံတမန်ရေး အပါအဝင် ပြည်တွင်း နိုင်ငံရေး နှင့် စစ်ရေး အကြပ်အတည်း များ ကြောင့် နိုင်ငံတကာ မျက်နှာစာတွင် မျက်နှာပန်းလှရန် နိုင်ငံရေး အကျဉ်းသား အနည်းငယ်ကို ဟန်ပြ လွှတ် ပေးခြင်း ဖြစ်သည်ဟု ပုသိမ်မြို့ခံများက ပြောသည်။

ပုသိမ်အကျဉ်းထောင် အတွင်းမှာ နိုင်ငံရေး အကျဉ်းသူ အမျိုးသမီး ၃၅ ဦးခန့် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄၀၀ ကျော်ကို နိုင်ငံရေးပုဒ်မ အမျိုးမျိုးတပ်ကာ ဆက်လက် ဖမ်းဆီးထားသည်ဟု လွတ်မြောက်လာသည့် အကျဉ်းသားများက ပြောသည်။