နိုဝင်ဘာအတွင်း စစ်ကောင်စီနှင့် PDF (မန္တလေး) တို့အကြား ၈ ကြိမ် တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး) နှင့် စစ်ကောင်စီတပ်တို့အကြား ရက်သတ္တပတ် နှစ်ပတ်ကျော် အတွင်း တိုက်ပွဲပေါင်း အကြိမ်ရေ ၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများ ရှိခဲ့သည့်အပြင် PDF-Mandalay ဘက်လည်း တစ်ဦးကျဆုံးခဲ့သည်ဟု ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် နှစ်ကြိမ်၊ ၉ ရက်နေ့တွင် ငါးကြိမ် နှင့် ၁၆ ရက်နေ့တွင် တစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု PDF-Mandalay က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ “လက်နက်ကြီးနဲ့ ပစ်တယ်။ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးတော့ သူတို့ဘက်က ၅ ယောက်ကျတယ်။ ကျနော်တို့ဘက်က ၄ ယောက်ဒဏ်ရာရတယ်” ဟု PDF-Mandalay မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အဆိုပါ တိုက်ပွဲမှာ မိုးကုတ်-မန္တလေးလမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အင်အား ၁၀၀ ကျော်နှင့် ထိုးစစ်ဆင်လာပြီးနောက် လက်နက်ကြီးများနှင့်လည်း ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက် ပြော သည်။

နှစ်ဖက်ကြား အပြန်လှန်ပစ်ခတ်မှုမှာ ၃ နာရီကျော်အကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်လေးဦး ထိခိုက်ဒဏ်ရာရ ခဲ့သော်လည်း မစိုးရိမ်ရဘူးဟု ဆိုသည်။

ထိုနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်း (၃) ကြောင်းခွဲ၍ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သေးသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ပြောသည်။

“စစ်တပ်နဲ့ အခုထိ စစ်ရေးတင်းမာနေတုန်းပါပဲ။ မနေ့ကရော ဒီနေ့ရော တိုက်ပွဲတော့ ထပ်မဖြစ်ဘူးပေါ့နော်။ ဒီနေ့မနက်အထိတော့ တင်းမာနေတုန်းလို့ ပြောလို့ရတယ်” PDF-Mandalay မှ တာဝန်ရှိသူ က ပြောသည်။

ထို့အပြင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ ခမရ-၅၀၁၊ ခမရ-၅၀၂ နှင့် ခမရ-၅၀၅ တပ်ရင်းများရှိ အင်အား ၂၀၀ နီးပါးခန့်ပါသော စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်း ၃ လုံး စွဲ၍ တိုက်ခိုက်ခဲ့ရာ စစ်တပ်တွင် ထိခိုက်မှုများစွာ ရှိခဲ့သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထား သည်။

အလားတူ နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက်ခင်းတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခင်းထားသည့် မိုင်းကွင်း အတွင်း စစ်ကောင်စီ စစ်ကြောင်းက ဝင်ရောက်လာရာ မိုင်း ၆ လုံးကွဲ၍ တပ်ဖွဲ့ဝင် ၁၂ ဦးခန့် ထိခိုက်ကျဆုံးမှု ရှိခဲ့ သည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတပ်တို့အကြား နိုဝင်ဘာလ ၉ ရက်နေ့တွင် တစ်နေ့ တာအတွင်း ထိတွေ့တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက် အယောက် ၂၀ နီးပါးခန့် ထိခိုက် ကျဆုံးမှု ရှိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ဇော်ဝင်းအောင် (ခ)မှန်လေး သေဆုံးခဲ့ပြီး အသေးစား ထိခိုက် ဒဏ်ရာ ရသူ (၄) ဦးရှိခဲ့သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းရေးသားထားသည်။

မန္တလေးတိုင်း၊ မန္တလေး-မိုးကုတ်လမ်းပေါ်တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) – Mandalay PDF တို့ အကြား မကြာခဏ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး နိုဝင်ဘာလ ၁၉ ရက်နေ့ထိ နှစ်ဖက် ကြား စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု ကာကွယ် ရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။