အပစ်ရပ် ၅ ဖွဲ့ စစ်ကောင်စီနှင့် တွေ့ဆုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနက် အဖွဲ့ ၅ ဖွဲ့ နှင့် စစ်ကောင်စီ တို့ ဒီဇင်ဘာလ ၂၇ ရက်နေ့ (ယမန်နေ့)က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးနေကြသည်။

တွေ့ဆုံဆွေးနွေးပွဲကို NCA အပစ်ရပ် ၅ ဖွဲ့ဖြစ်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA/PC၊ ပအိုဝ်း အ မျိုး သား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီ အကျိုး ပြုတပ်မတော် DKBA နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU မှ ထိပ်ပိုင်းခေါင်း ဆောင်များက သွားရောက်ဆွေးနွေးနေကြခြင်း ဖြစ်သည်။

စစ်တပ်က ဖိတ်ခေါ်သည့် ဆွေးနွေးပွဲကို အပစ်ရပ် ၅ ဖွဲ့က သွားရောက်ဖြစ်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော် ညွှန့်က ယခုကဲ့သို့ ပြောသည်။

၎င်းက “ကျနော်တို့ EAOs တွေရဲ့ တစ်ဖွဲ့ချင်းစီရဲ့ ရှိနေတဲ့ ကိုယ်ပိုင်လွတ်လပ်စွာ ဆုံးဖြတ်ခွင့်အရပေါ့လေ။ သွား ရောက် တွေ့ခြင်းဖြစ်တယ်။ သွားရောက်တက်တယ်ဆိုတာကလည်း အခုက လွတ်လပ်ရေး အခမ်းအနားတို့ နောက်ပြီးတော့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင် ဆုတံဆိပ် ချီးမြှင့်တာတို့ တစ်ဆက်တည်း ပေါ့လေ။ အဲဒီတွေ့ဆုံပွဲတွေလည်း ဖြစ်သွားတယ်လို့ ကျနော်အနေနဲ့ကတော့ အဲလိုမျိုးပဲ နားလည်မှုရှိတယ်” ဟု ပြောသည်။

တွေ့ဆုံ ဆွေးနွေးပွဲသို့ KNU/KNLA/PC မှ ဒု-ဥက္ကဌ ဒေါက်တာနော်ကပေါ်ထူး၊ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ALP ဒု-ဥက္ကဌ ဒေါ်စောမြရာဇာလင်း၊ DKBA စစ်ဦးစီးချုပ် စောစတီးနဲ့ LDU ဒု-ဥက္ကဌ ကျာဖူး တို့ သွားရောက် ကြခြင်း ဖြစ်သည်။

တစ်ဖွဲ့ချင်းစီ၏ ဆုံးဖြတ်ပိုင်ခွင့်နှင့် သွားရောက်ဆွေးနွေးနေသည့်အတွက် ဆွေးနွေးမည့် အကြောင်းရာများကို မသိရဘူးဟု ဗိုလ်မှူးကြီး စောကျော်ညွှန့်က ဆက်ပြောသည်။

“သို့သော်လည်းပဲ သွားရောက်တွေ့ဆုံတဲ့ အဖွဲ့တွေရဲ့ ဆွေးနွေးမယ့် အချက်အလက်တွေ အကြောင်းအရာတွေ အခင်းအကျင်းတွေ အပေါ်မှာကတော့ ကျနော်ကိုယ်တိုင် အနေနဲ့ကတော့ ၇ ဖွဲ့ကိုယ်စား ကျနော်ပြောဆိုရတဲ့ အခင်းအကျင်းနဲ့ ကျနော်သွားနေရတဲ့ အခါကျတော့လေ ဒီလိုမျိုး တစ်ဖွဲ့ချင်းစီမှာ သွားရောက်ဆောင်ရွက်နေရ တဲ့ ဒီအခြေအနေတွေ အခင်းအကျင်းတွေ အပေါ်မှာကတော့ Information စုံစုံလင်လင်လည်း ကျနော် မရရှိတဲ့ အပေါ်မှာကတော့ ကျနော်အနေနဲ့ တိတိကျကျ ပြောဆိုဖို့ရာကတော့ တစ်စုံတစ်ရာ အခက်အခဲရှိပါတယ်” ဟု ပြောသည်။

သို့သော် ယခုပြုလုပ်နေသည့် တွေ့ဆုံဆွေးနွေးပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရန် ဆွေးနွေးနေသည့် ဆွေးနွေးပွဲဖြစ်သည်ဟု သုံးသပ်ပြောဆိုမှုများရှိနေသည်။

ထိုပြောဆိုမှုများနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး စောကျော်ညွှန့်က “ကျနော်တို့ NCA ခေတ်မှာ ပူးပေါင်းမှုအရ သော် လည်းကောင်း ကျနော်တို့ နားလည်တာက ဒီနိုင်ငံရေး ဆွေးနွေးပွဲများမှ ထွက်ပေါ်လာတဲ့ ရလဒ်များနဲ့အညီ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွတ်ခြင်း ပြု လုပ်ရန်ဆိုတဲ့ နိုင်ငံရေး လမ်းပြမြေပုံပေါ်မှာပဲ ကျနော်တို့က ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်။ ဒီ NCA အကောင်အထည်ဖော်တဲ့ ကာလတစ်လျှောက်မှာ ဆိုရင်လည်းပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းတွေ ဖက်ကပေါ့လေ ၂၀၀၈ ဖွဲ့စည်းပုံက ဘာအချက်တွေ ဘာအချက်တွေ ပြင်ဆင်တယ်ဆိုတာ ကျယ်ကျယ် ပြန့်ပြန့် တိုင်ပင်ဆွေးနွေးတယ်ရယ်လို့လည်း ကျနော် တစ်ခါမှတော့ မတွေ့မိဘူးခင်ဗျ။ ဆိုတာကတော့ သက် ဆိုင်ရာ အင်အားစုတွေနဲ့ ကျနော်တို့တွေ တစိုက်မတ်မတ် တိုင်ပင်ညှိနှိုင်းတဲ့ အခင်းအကျင်းလို့ပဲ ကျနော် အနေနဲ့ အဲ့လိုပဲ နားလည်မှု ရှိပါတယ်ခင်ဗျာ” ဟု ပြောသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ဆွေးနွေးပွဲတွင် ဆွေးနွေးမည့် အကြောင်းအရာ အစီအစဉ် ၈ ရပ်ကို အတည်ပြုနိုင်ခဲ့ပြီး ထိုအတည်ပြုထားသည့် အစီအစဉ် ၈ ရပ်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ (ယနေ့) တွင်လည်း ဆက်လက် ဆွေးနွေး သွားမည်ဟု စစ်ကောင်စီလက်အောက်ခံ မြဝတီနှင့် MRTV တို့မှ တဆင့်သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီက အပစ်ရပ်အဖွဲ့များ၏ နိုင်ငံရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် အကြောင်းကြားလာသည်ဟု PPST က ပြောသည်။

ထိုသို့ အကြောင်းကြားလာသည့်အတွက် PPST က အဖွဲ့ဝင် အဖွဲ့အစည်းများအကြားတွင် ဆွေးနွေးတိုင်ပင်ခဲ့ ကြပြီး ဆွေးနွေးပွဲကို PPST အနေနှင့် တက်ရောက်မည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၂၃ ရက်နေ့က စစ်ကောင် စီအား အကြောင်းပြန်ခဲ့သည်ဟု ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောသည်။

ထို့ကြောင့် စစ်ကောင်စီနှင့် ယခု တွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့များသည် ၎င်းတို့ တစ်ဖွဲ့ချင်းစီ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့်သာ သွားရောက် ဆွေးနွေးနေကြခြင်းသာ ဖြစ်သည်ဟု PPST က ဆိုသည်။

ဓါတ်ပုံ – မြဝတီ