နယ်လုံဝန်ကြီးဟောင်းကား မိုင်းခွဲ တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၈ ရက်။
မွန်ပြည်နယ် အစိုးရဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဟောင်း ဗိုလ်မှူးကြီး (အငြိမ်းစား) ဝင်းနိုင်ဦး စီး လာသည့် ကား မိုင်းဖြင့် ဖေါက်ခွဲ တိုက်ခိုက်ခံရသည်။
နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦး စီးလားသည့် ကားကို ဇန္နဝါရီလ ၁၅ ရက်နေ့၊ ညနေ ၆ နာရီခွဲ ဝန်း ကျင် အချိန်ခန့်က အဝေးထိန်း (Remote Control) မိုင်းဖြင့် ဖေါက်ခွဲ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု မုဒုံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (MPDF) က ထုတ်ပြန်ထားသည်။
မုဒုံမြို့ အမှတ်(၃) ရပ်ကွက် ဦးစံဖေလမ်းနေ ဗိုလ်မှူးကြီး ဝင်းနိုင်ဦး အိမ်ပြန်အလာကို စောင့်၍ အိမ်ခြံဝ အနီးတွင် မိုင်းဖေါက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုထားသည်။
မုဒုံမြို့ခံ တစ်ဦးက “ဗိုလ်မှူးကြီး ဝင်းနိုင်ဦးကား တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်မှာ လူထိခိုက်တာတော့ မရှိဘူးလို့ သိရ တယ်။ သူ့ကားတော့ ပျက်စီးမှုရှိတယ်။ အဲဒီတိုက်ခိုက်မှုဖြစ်ပြီးတော့ ဖမ်းဆီး စစ်ဆေးခံနေရတဲ့ လူတွေရှိတယ်၊ အသေးစိတ်တော့ မသိရသေးဘူး” ဟု ပြောသည်။
အဆိုပါ တိုက်ခိုက်ဖြစ်စဥ်တွင် လူထိခိုက်မှုမရှိပဲ ဗိုလ်မှူးကြီး ဝင်းနိုင်ဦး စီးလာသည့်ကားသာ ထိခိုက်ပျက်စီးမှုရှိ သည်ဟု ဒေသခံများက ပြောသည်။
နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦး တိုက်ခိုက်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး လူအချို့ကို စစ်ကောင် စီတပ်ဖွဲ့က ဖမ်းဆီးကာ စစ်ဆေးမှုများ လုပ်နေသည်ဟု ဆိုသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။
နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲက ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားလှယ်လောင်းအနေဖြင့် မုဒုံမြို့နယ် ပြည်နယ်လွှတ်တော်နေရာတွင် ဝင် ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ထားသူဖြစ်သည်။
လက်ရှိတွင် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးသည် ပျူစောထီးခေါင်းဆောင် တစ်ဦးဖြစ်သည့်အပြင် စစ်ကောင်စီ အကြီးစား ထောက်တိုင်တစ်ဦးဖြစ်နေသည်ဟု ဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) က ထုတ်ပြန် ပြောဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ထဲတွင်လည်း မုဒုံမြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် လောင်း တစ်ဦးဖြစ်သည့် ဦးမင်းအောင်မြင့်၏ နေအိမ် မိုင်းဖြင့် ဖေါက်ခွဲခံရပြီး ဦးမင်းအောင်မြင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သေးသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မုဒုံမြို့နယ်အတွင်းရှိ USDP ပါတီဝင်များ တိုက်ခိုက်ခံနေရသည့် အပြင် ရပ် ကွက် အုပ်ချုပ်ရေးမှူးရုံးများ ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရသည့်ဖြစ်စဥ်များလည်း မကြာခဏဖြစ်ပွားနေသည်ဟု ဒေသခံများက ဆိုသည်။