မြေလွတ်မြေရိုင်းလျောက်ထားသူများထံမှ စစ်အရာရှိတစ်ဦး ငွေတောင်းကြမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။

တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးတစ်ဦး ငွေတောင်းကြမ်းသဖြင့် ဧရာဝတီတိုင်းအတွင်းက မြေလွတ်မြေရိုင်း လျှောက်ထားသူများ အခက်တွေ့နေရသည်ဟု လုပ်ငန်းရှင်အချို့က ပြောသည်။

ဧရာဝတီတိုင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ)မှ စစ်ဦးစီး တတိယတန်း (ဂျီသရီး)သည် မြေလွတ် မြေလပ် မြေရိုင်း လျှောက်ထားသည့် လုပ်ငန်းရှင်များထံ (ကျူ-ဝမ်း) ၏ ထောက်ခံလက်မှတ် ထိုးကြေးအဖြစ် တောင်းခံသည့် ငွေပမာဏမှာ များပြားလွန်းသဖြင့် မြေလျှောက်ထားသည့် လုပ်ငန်းရှင်များ အခက်အခဲ ဖြစ်နေရ သည်ဟု လုပ်ငန်းရှင်အချို့က ပြောသည်။

လုပ်ငန်းရှင်တစ်ဦးက “လုပ်ငန်းရှင်တွေကတော့ ကိုယ့်လုပ်ငန်း အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ မြန်မြန်ဆန် ဆန်ပြီးဖို့ ပေးကမ်းပြီး လုပ်ဆောင်ကြတာပါပဲ။ အခုက ခေတ်ပျက်သူဌေးဖြစ် မတန်မရာ တောင်းနေတော့ အဆင်မပြေဘူးပေါ့” ဟု ပြောသည်။

သက်ဆိုင်ရာမြို့နယ် မြေစာရင်းဦးစီးဌာနမှ လျှောက်ထားသည့် မြေသည် နတခမှ သိမ်းယူထားသည့် ကြည်း/ရေ/ လေ ပူးပေါင်း စစ်ဆင်ရေးအတွက် အသုံးပြုသည့် စက်ပစ်ကွင်းဧရိယာနှင့် လွတ်ကင်းကြောင်း မြေကြီးမြေပုံ နှင့် တင်ပြလာသည်ကို( ကျူ-ဝမ်း ) မှ ထောက်ခံ လက်မှတ်ထိုးပေးရခြင်း ဖြစ်သည်ဟု မြေစာရင်းနှင့် နီးစပ်သူများ က ပြောသည်။

မြေလွတ် မြေလပ် မြေရိုင်းကို လုပ်ငန်းရှင်တစ်ဦးလျှင် အနည်းဆုံး ၅ဧက-၆ဧကမှစ၍ အချို့မှာ ၁၀ ဧက၊ အချို့ မှာ ဧက ၂၀ ကျော်အထိ လျှောက်ထားသည်များ ရှိနေကြောင်း မြေစာရင်းဦးစီးဌာနနှင့် နီးစပ်သူများက ပြော သည်။

အခြား လုပ်ငန်းရှင်တစ်ဦးကလည်း “ကျူ-ဝမ်းရဲ့ လက်မှတ်ရဖို့ အတွက် တစ်ဧကကို သိန်း ၅၀ တောင်းတယ်။ သူ့ပါးစပ်ပဲ ပြောထွက်တယ်။ အနည်း ဆုံး လုပ်ငန်းရှင် တစ်ယောက်က သိန်း ၂၅၀ လောက်ပေးရမယ်။ များတဲ့ သူတွေက သိန်း ၅၀၀ သိန်း ၁၀၀၀ ပေးရ မယ် တစ်ချီထဲ အပွကြံတာ” ဟု ပြောသည်။

လက်မှတ်ထိုးကြေး ငွေတောင်းခံသူမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တပ်ထောက်ဌာနမှ ဂျီသရီး ဗိုလ်ကြီး မြင့်ဇော်လင်းဖြစ်သည် ဟု မြေလျှောက်ထားသူများနှင့် နီးစပ်သူ အချို့က ပြောသည်။

လုပ်ငန်းရှင်များ လျှောက်ထားသည့် မြေလွတ် မြေလပ် မြေရိုင်းသည် သစ်တော ကျူးမြေမှ လွတ်ကင်းကြောင်း ကို သစ်တောဦးစီးဌာနမှ ထောက်ခံပေးရကြောင်း၊ စားကျက်ကျူးမြေမှ လွတ်ကင်းကြောင်းကို အထွေထွေ အုပ် ချုပ်ရေး ဦးစီးဌာနမှ ထောက်ခံပေးရသည်ဟု သစ်တောဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

အသက် ၄၀ ကျော် မြေလျှောက်ထားသူတစ်ဦးက “သစ်တောတို့ ထွေအုပ်တို့နဲ့က ဘာပြဿနာမှ မရှိဘူး။ လုပ် ငန်းသဘောကို နားလည်တယ်။ လွတ်ကင်းလို့လည်း လွတ်ကင်းကြောင်း လက်မှတ်ထိုးတာလေ။ ဘာမှ တောင်း ဆိုတာ မရှိဘူး။ ကိုတွေကလည်း သိတတ်မှုတော့ ရှိရတာပေါ့” ဟု ပြောသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော် ကြည်း/ရေ/လေ ပူးပေါင်းစစ်ဆင်ရေးအတွက် စက်ပစ်ကွင်း အဖြစ် အသုံးပြုရန် ၁၉၉၃ ခုနှစ်က သိမ်းယူခဲ့ခြင်းဖြစ်သည်။

စက်ပစ်ကွင်းအတွက် သိမ်းယူခဲ့သော မြေဧက (၁၀၀၀၀) ကျော်မှာ ပုသိမ်မြို့နယ်၊ ရေကြည်မြို့နယ်နှင့် သာပေါင်း မြို့နယ်များ အတွင်းမှ မြေလွတ် မြေလပ် မြေရိုင်းများကို ပြည်ထဲရေးဝန်ကြီးဌာနမှ သိမ်းယူခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု မြေစာရင်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။