ပေါင်တွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီ (ခ) ပေါပီဆိုသူသည် လက်ဖက်ရည်ဆိုင်တွင် ရှိနေ စဥ် ပစ်သတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

ပြည်သူ့စစ်ခေါင်းဆောင် မြင့်ရီကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က ပေါင်မြို့နယ် ရင်းငြိမ်ကျေးရွာ တောင်ဘက်ခြမ်း ငွေလျှံလက်ဖက်ရည်ဆိုင် အတွင်း ဝင်ရောက်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု အထူးစစ်ဆေးရေးတပ်ဖွဲ့ (S.O.F) က ထုတ်ပြန်ထားသည်။

“မနက် ၇ နာရီလာက်မှာ ဖြစ်သွားတယ်၊ သူက (ပြည်သူ့စစ်ခေါင်းဆောင် မြင့်ရီ) လက်ဖက်ရည်ဆိုင် ထိုင်နေချိန် မှာ သေနတ်သမားတွေက ဝင်ပစ်သွားတယ်။ ၄ ချက် ပစ်လိုက်တယ်၊ ခေါင်း၊ ရင်ဘတ်တွေမှာ ထိပြီး ပွဲချင်းပြီး သေသွားတယ်” ဟု ပေါင်မြို့ခံတစ်ဉီးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင် မြင့်ရီသည် ဦးခေါင်းဒဏ်ရာ တစ်ချက်၊ ရင်ဘတ် ဒဏ် ရာ နှစ်ချက်နှင့် ဆီးခုံဒဏ်ရာ တစ်ချက်တို့ဖြင့် အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီကို ရှင်းလင်းစဥ် လက်ဖက်ရည်ဆိုင်အတွင်း အခြား ပျူစောထီး တပ်ဖွဲ့ဝင်များ ရှိနေသော် လည်း လက်နက်/ကျည် အားနည်းသည့်အတွက် ၎င်းတစ်ဦးတည်းကိုသာ ရှင်းလင်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု အထူး စစ်ဆေးရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဦးမြင့်ရီသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး သင်တန်းပေးနေသူဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ရင်းငြိမ်ရဲစခန်းတွင် ညတိုင်း လုံခြုံရေးယူပေးနေသည်ဟုလည်း အထူးစစ်ဆေးရေးတပ်ဖွဲ့က ပြောဆိုထားသည်။

အထူးစစ်ဆေးရေးတပ်ဖွဲ့က “မြင့်ရီသည် အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းပြီး ရွာအတွင်းရှိ လူငယ် ၅ ဦးကို မတရားဖမ်းဆီးခဲ့တယ်၊ အခြား CDM နဲ့ လူငယ် ၅ ဦးကိုလည်း အပြစ်မဲ့ဖမ်းဆီးပြီး ငွေကျပ်သိန်း ၈၀ စီဖြင့် ပြန်ရွေးခိုင်းခဲ့တယ်” ဟု ထုတ်ပြန်ပြောဆိုထားသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီနှင့် ပတ်သက်၍ အထူးစစ်ဆေးရေးတပ်ဖွဲ့၏ ထုတ်ပြန်ပြောဆိုထားချက်အပေါ် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

အလားတူ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ပါတီ ကိုယ် စားလှယ်ဟောင်း ဦးကိုကိုလေးဆိုသူကိုလည်း အထူးစစ်ဆေးရေးတပ်ဖွဲ့က (S.O.F) ပစ်ခတ်ရှင်းလင်းခဲ့ သေး သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါင်မြို့နယ်အတွင်း ပြည်သူ့စစ်ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီဝင်များ နှင့် စစ်ကောင်စီ သတင်းပေးဆိုသူများကို ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ က မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။