သံဖြူဇရပ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးရုံး ဖောက်ခွဲ ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ကျောင်းပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခံရသည်ဟု မြို့ခံများက ပြောသည်။
ယမန်နေ့ နံနက် (၆) နာရီအချိန်ခန့်က ကျောင်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲ တိုက် ခိုက်ခံရပြီးနောက် ရုံးအဆောက်အဦး အတော်များများ ပျက်စီးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက “အုပ်ချုပ်ရေးမှူးရုံးမှာ လူမရှိတော့ လူထိသွားတာတော့ မရှိဘူး ပေါ့။ ဒါပေမယ် ရုံးကတော့ တော်တော်ကို ပျက်ဆီးသွားတယ်” ဟု ပြောသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည့် အပြင် မြို့ပေါ်နှင့် မြို့အဝင်အထွက်နေရာတို့တွင်လည်း ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ သည်ဟု မြို့ခံအချို့က ပြောသည်။
အလားတူ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်ခန့်ကလည်း မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် စျေးကြိုအဝိုင်အနီးရှိ ပြည်နယ် လဝကရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူများ က ပြော သည်။
ထို့အပြင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ရုံးအဆောက် အဦးအချို့ ထိခိုက် ပျက်စီးသွားခဲ့သည်။
စျေးကြိုရပ်ကွက်နေသူတစ်ဦးက “ပေါက်ကွဲတဲ့အသံကတော့ အကျယ်ကြီးပဲကြားရတယ်၊ မော်လမြိုင်မှာ ပေါက်ကွဲမှုတွေ မကြာခဏကြားနေရတယ်” ဟု ပြောသည်။
ပြည်နယ်လဝကရုံး ပေါက်ကွဲမှု ဖြစ်စဥ်ထဲ လူထိခိုက်မှုမရှိသလို အဆောက်အဦး ထိခိုက်ပျက်ဆီးမှုလည်း မရှိဘူး လို့ ဆိုကြသည်။
မော်လမြိုင်နှင့် သံဖြူဇရပ်မြို့တို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အစိုးရဌာနဆိုင်ရာ ရုံးများနှင့် အုပ်ချုပ် ရေးမှူးရုံးများတွင် ပေါက်ကွဲမှုဖြစ်စဥ်များ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လူထိခိုက်သေဆုံးသည်အထိ လည်း ရှိခဲ့သည်။