ရွှေတူးဖော်မှုများကို ဆွမ်ပရာဘွမ် ဒေသခံများ မကျေနပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်။
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း လုပ်ငန်းရှင်အချို့၏ တရားမဝင် ရွှေတူးဖော်နေမှုများကြောင့် သဘာဝဘေးပတ်ဝန်းကျင် ပျက်စီးလာမည့် အနေအထားမျိုး ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ရှကြောမ်ကျေးရွာက ဒေသခံများ အားထားရသည့် ရေထွက်နှင့် ရှကြောမ် ရေတံ ခွန်နေရာအနီးတဝိုက်တွင် လုပ်ငန်းရှင်များက တရားမဝင်ရွှေတူးဖော်နေကြခြင်း ဖြစ်သည်ဟု ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
“အခု ငါတို့နေတဲ့ ရှကြောမ်ရွာမှာ အရင်က သမိုင်းရှိခဲ့တဲ့ ရေတံခွန်ပေါ့။ အဲ့ဒီမှာ တရားမဝင် လာလုပ်တာပါ။ သူ တို့က ဒီ KIO အစိုးရနဲ့လည်း တိုင်ပင်တာမျိုး မရှိဘူး။ အစိုးရကလည်း ဘာမှ မပြောဘူး။ ကြီးကြပ်ရေးကနေ လည်း တရားဝင် တူးဖော်မှု တူးခိုင်း မှု မရှိဘူး။ တရားမဝင် သူတို့ ခိုးလုပ်တာ။”
ဒေသခံ ရွာသားများက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရေတံခွန်နေရာတွင် တရားမဝင် ရွှေတူးဖော်မှု လုပ် ကိုင်နေသည်ကို သိရပြီးနောက် ရွှေတူးဖော်နေမှုများ ရပ်တန့်ပေးရန် သွားရောက်ပြောဆိုခဲ့ကြသည်။
ထို့အပြင် လုပ်ငန်းရှင်များ၏ ဘတ်ဟိုးကား တစ်စီးကိုလည်း ရွာသားများက သိမ်းယူထားခဲ့ရာ လုပ်ငန်းရှင်များ ဘက်က အဆိုပါကားကို ပြန်ပေးရန် တောင်းဆိုလာခြင်းကြောင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပြန်ပေးလိုက် သည်ဟု ဆိုသည်။
ထို့သို့ဖြစ်ပြီးနောက် ရွှေတူးဖော်သည့် လုပ်ငန်းရှင်များက ရွာသားများ ကန့်ကွက်တဲ့ ရေတံခွန်နေရာတွင် ရွှေမတူး တော့ဘဲ ရေတံခွန်၏ အထက်ဘက်နေရာတွင် ပြန်လည် တူးဖော်နေသည်ဟု ရွာသားများက ဆက်ပြောသည်။ လက်ရှိတူးဖော်နေသည့် နေရာမှာ ရှကြောမ် ကျေးရွာနှင့် မနီးမဝေးမှာ တူးဖော်လုပ်ကိုင်နေခြင်းကြောင့် ကမ်းပါး ပြိုကျမှုများ ဖြစ်ပွားလာပြီး ကျေးရွာပျက်စီးမှာကို စိုးရိမ်နေကြသည်။
“သူတို့က အစိုးရမှာ အခွန်ထည့်ပြီးသား ဆိုတယ်။ ပြီးမှ တရားဝင် ကြီးကြပ်ရေးကနေ တိုင်းထားပြီးသား နေရာ ဟုတယ်ဆိုလို့ ကျတော်တို့က မကန့်ကွက်ဘူး။”
ဒေသခံများ လက်ရှိကန့်ကွက်နေသည့် ရေတံခွန်နေရာသည် ရှကြောမ်ကျေးရွာသားများအတွက် အဓိက ငါးရှာ ဖွေကာ အသက်မွေးဝမ်းကျောင်းရသည့် နေရာဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၉၇၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကြွက် ကျချိန်၊ ကြွက်ဘေးကြုံချိန် ကြွက်များက တောင်ယာ ဆန်စပါးများကို ဖျက်ဆီးစားသောက်ချိန် အဆိုပါ ရေတံခွန် က ငါးများနှင့် အနီးအနားက သစ်တောထွက် ပစ္စည်းများကို တစ်ရွာလုံး အားကိုး ရှာဖွေစားသောက် ဖြတ်သန်းခဲ့ ရသည်ဟု ဆိုကြသည်။
ထို့ကြောင့် အဆိုပါ ရေတံခွန်နေရသည် ရှကြောမ်ရွာသားများအတွက် တန်ဖိုးထား အားထားရသည့် နေရာ တစ် နေရာ ဖြစ်လာခဲ့သည်ဟု ဆိုသည်။ ရေထွက်များ၊ ရေတံခွန်နေရာအပြင် ရှကြောမ်ရွာသားများ အားထားရသည့် သစ်တောအတွင်းက သဘာဝတရားကို ဒေသခံများက မပျက်စီးအောင် ထိန်းသိမ်းထားခဲ့ရာမှ လက်ရှိတွင် ရွှေ တူးဖော်မှုများကြောင့် ပျက်စီးဆုံးရှုံးရမည့် အနေအထားမျိုး ဖြစ်လာသည်ဟု ပြောသည်။
ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက “ကျနော်တို့က နှစ်တိုင်းမှာ ဒီငါးရှာစားတယ်။ အဲ့ဒါမျိုးနေရာတွေပဲ။ အရင်က ငါး မျှားချိတ်တွေနဲ့ ရှာစားတာ ဟုတ် တယ်။ နှစ်တိုင်းကို ရှာစားတာ ဟုတ်တယ်။ အရင်ခေတ်ကနေ အဲ့လိုမျိုး ရှာစ ားတဲ့ နေရာဟုတ်တယ်။ ကျနော်တို့ ရွာတောင်မကဘူး။ ကျနော်တို့ရွာရဲ့ ပတ်ဝန်းကျင်က ရွာတွေအားလုံး အဲ့ရေမှာပဲ ရှာစားတာ ဟုတ်တယ်” ဟု ပြောသည်။
ရွှေတူးဖော်လုပ်ကိုင်နေသူကြသူများက လက်ရှိ ၎င်းတို့ ရွှေတူးနေသည့် နေရာမှာ အစိုးရက ခွင့်ပြုပေးလိုက်သည့် နေရာဖြစ်ကြောင်းနှင့် ရွာသားများက အစိုးရအထက်မှာ မရှိကြောင်း ပြောဆိုပြီး ဆက်လက်တူးဖော်လုပ်ကိုင်နေ ကြသည်ဟု ဆိုသည်။
ထို့ကြောင့် ရှကြောမ်ဒေသခံ ရွာသားများက တရားမဝင် ရွှေတူးဖော်နေခြင်းတို့ကို ရပ်တန့်ပေးရန် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် သက်ဆိုင်ရာ အစိုးရ ရုံးဌာန အသီးသီးကို အဆင့်ဆင့် စာပေးပို့ထားသော်လည်း ယနေ့ အချိန်ထိ တစ်စုံတစ်ရာအကြောင်း ပြန်လာခြင်းမျိုး မရှိသေးဘူးဟု ဆိုကြသည်။
ရှကြောမ်ကျေးရွာတွင် အိမ်ခြေပေါင်း ၂၈ အိမ်နှင့် လူဦးရေ ၁၄၃ ဦးနေထိုင်ပြီး လူသူ အရောက်အပေါက်နည်း သည့် တောင်ပေါ်ကျေးရွာတစ်ရွာ ဖြစ်သည်။