ကြိုတင်တိုကင်စနစ် ရပ်ဆိုင်းသော်လည်း ပွဲစားများကိုသာ အားကိုးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်။

တောင်ကြီး နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးတွင် ပွဲစားပပျောက်ရန် ရည်ရွယ်ချက်ဖြင့် ကြိုတင်တိုကင်စနစ် ယာယီရပ်ဆိုင်းခဲ့သော်လည်း အမှန်တကယ် ပပျောက်ခြင်း မရှိသေးဟု တောင်ကြီးမြို့က နိုင်ငံကူးလက်မှတ် လုပ်နေသူများက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးတွင် ပွဲစားဖြင့် အပ်မှသာ လွယ်ကူ လျင်မြန်စွာ ပြီးမြောက်သည်ဟု နိုင်ငံကူးလက်မှတ် လုပ်နေသူများက ပြောသည်။

ပင်လောင်းမြို့မှ လာရောက်၍ နိုင်ငံကူးလက်မှတ် လုပ်ဆောင်သူ အမျိုးသား တစ်ဦးက “၁ လပိုင်းလောက်က လာလုပ်တော့ ရှေ့မှာ တိုကင်က အများကြီးလေ။ အဲတော့ ၁၀ ရက်လောက် စောင့်ရမယ်လို့ ပြောတယ်။ ပင် လောင်းနဲ့ တောင်ကြီးဆိုတော့ အဝေးကြီးလေ။ တခါတခါ လာရတာလည်း လမ်းမှာ အစစ်အဆေးနဲ့ မလွယ်လို့ အဆောင်ငှားနေလိုက်တယ်။ ၁၀ ရက်လည်းပြည့်ရော MOU စနစ်က ရပ်သွားပြီ။ အခုပြန်လာလုပ်တော့ မနေ့ က တိုကင်ယူထားတာ ၇ လပိုင်းလောက်မှ ရမယ် အဲဒါကလည်း မသေချာဘူးဆိုတော့ ပွဲစားပဲ အပ်လိုက်ရ တယ်။ ဟိုဘက် သူဌေးက ခေါ်နေပြီ” ဟု ပြောသည်။

စစ်ကောင်စီသည် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် ပွဲစားများက မတန်တဆ ဈေးဖြင့် အမြတ်တင် လုပ်ဆောင်ပေးနေသည်ဟုဆိုကာ ကြိုတင်တိုကင်ယူသည့် စနစ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရပ် ဆိုင်းခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြန်လည်ဖွင့် လှစ်ပေးခဲ့သော်လည်း နှောင့်နှေး ကြန့်ကြာ မှုများ ရှိနေခြင်းကြောင့် ပွဲစားဖြင့် မဖြစ်မနေ အပ်နေရသည်ဟု ရှမ်းပြည်နယ် တောင်ပိုင်းအတွင်း နိုင်ငံကူးလက် မှတ် လုပ်ဆောင်နေသူများက ပြောသည်။

နိုင်ငံကူးလက်မှတ် လုပ်ဆောင်ရာတွင် ကိုယ်တိုင်ပြုလုပ်ပါက ၆၀,၀၀၀ ကျပ်ဝန်းကျင်သာ ကျသင့်သော်လည်း ပွဲစားဖြင့် အပ်ပါက ၂၅၀,၀၀၀ ကျပ်မှ ၃၀၀,၀၀၀ အထိ ပေးဆောင်ရသည် ဆိုသည်။

ပွဲစားဖြင့် အပ်ပါက ထိုသို့ ငွေကြေးမြောက်မြားစွာ ပေးဆောင်ရသော်လည်း ကိုယ်တိုင်လုပ်ဆောင်ရာတွင် တိုကင်ရရန် မလွယ်ကူသည့်အပြင် အလုပ်ဖြင့် သွားရောက်သူများ အနေဖြင့် များစွာနှောင့်နှေး ကြန့်ကြာနေခြင်း ကြောင့် ပွဲစားများကိုသာ အပ်နေရသည်ဟု ဆိုသည်။

ပွဲစားများပပျောက်ရန် ရည်ရွယ်ချက်ဖြင့် တိုကင်စနစ် ရပ်ဆိုင်းခဲ့သော်လည်း ပွဲစားများမှာ ပပျောက်ခြင်း မရှိ သည့်အပြင် ပိုမိုအတင့်ရဲလာပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ဝန်ထမ်းများနှင့် ငွေကြေး ခွဲဝေယူနေကြ သည်ဟု တောင်ကြီးမြို့နေ အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

“ပွဲစားက တစ်ယောက်ကို ၂၅၀,၀၀၀ လောက်ရရင် သူ့အတွက်က ၄၀,၀၀၀ ပဲကျန်တယ်။ ရုံးကို ၁၅၀,၀၀၀ ပေးရ တယ်။ လူတွေက မဖြစ်မနေ ပွဲစားနဲ့ လုပ်နေရလို့ ပွဲစားကိုပဲ မုန်းနေကြတာ။ တကယ်က လာဘ်ပေး လာဘ်ယူ ဝန်ထမ်းတွေကို ပြောရမှာ။ သူတို့ကမှ လုပ်စားချင်လို့ကို သက်သက်ခွင့်ပြုထားတာလေ။”

ထို့အတူ ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင်လည်း QR ကုဒ်ဖြင့် တိုကင်ယူသည့် စနစ်မှာ မတ်လ ၈ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့သော်လည်း လျှောက်ထားသူများမှာ အယောက်သိန်းချီ အပြိုင် အဆိုင် လျှောက်နေကြခြင်းကြောင့် ယင်းနေ့ နံနက်ပိုင်း၌ပင် ဆာဗာကျသွားခဲ့သည်။

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးဘက်မှ ဆာဗာအား ပြင်ဆင်ရန် ၂ ပတ်ခန့်ကြာမည်ဟု ထုတ်ပြန် ထားသော်လည်း ယခုဖြစ်စဉ်မှာ ပွဲစားများနှင့် ပူးပါင်းကြံစည်ခြင်းသာ ဖြစ်သည်ဟု နိုင်ငံလက်မှတ်လျှောက်ထား သူများက ဝေဖန်ပြောဆိုနေကြသည်။