မှားယွင်းပစ်ခတ်ရာမှ အမျိုးသမီးနှင့် ကလေး သေဆုံးမှု PDF အဖွဲ့ တောင်းပန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်။
မြိတ် – ကော့သောင်းလမ်းပိုင်းတွင် ခရီးသည်တင်ယာဉ်ကို မှားယွင်းစွာ ပစ်ခတ်မိရာမှ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ တနင်္သာရီ မြို့နယ် PDF အဖွဲ့က တောင်းပန်လိုက်သည်။
မြိတ်-ကော့သောင်းလမ်းပိုင်းတွင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေးဆုံးစေသည့် ခရီးသည်တင် ယာဉ် တစ်စီးအား မှားယွင်းပစ်ခတ်ခဲ့မှုအပေါ် အနူးအညွတ်တောင်းပန်ပါကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
တနင်္သာရီ – ပကဖ တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီတပ်တွေ စစ်ကူသွားလာမယ်လို့ ကြိုပြီး သတင်းရထား တာကြောင့် ကင်းပုန်းဝပ်စောင့်နေကြတာပါ။ ပစ်ခတ်မိတဲ့အချိန်က အရပ်သားပြည်သူတွေ သွားလာနိုင်တဲ့ အချိန် မဟုတ်တော့ မှားပြီးပစ်မိတာပါ” ဟု ပြောသည်။
မြိတ်မှ ကော့သောင်းဘက်သို့ မောင်းနှင်လာသည့် မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်မှာ တနင်္သာရီမြို့အထွက် ဆင်ခြေဖုံးကျေးရွာအုပ်စု၊ လယ်တောင်ယာရွာနှင့် တမုတ်ချုံးကျေးရွာအကြား ရော်ဘာတောအနီး ဧပြီ ၁ ရက်နေ့ ည ၈နာရီ အချိန်ခန့်တွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး တို့ သေဆုံးခဲ့ပြီး သံဃာတော် ၂ပါးနှင့် အမျိုးသားနှစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရော်ဘာခြံ အလုပ် သမားများက ဆိုသည်။
ပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က မှားယွင်းပစ်ခတ်မိခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီ ၂ရက်နေ့ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်အတွင်း ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည့်အပေါ် မိသားစုနှင့်ထပ်တူ ဝမ်းနည်း ကြေကွဲရပြီး ကာယကံရှင်နှင့် မိသားစုများကို ငြိုးငယ်စွာ အနူးအညွှတ်တောင်းပန်ပါကြောင်း ရေးသားထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် တိုက်ပွဲသတင်းများ၊ ထိခိုက်သေဆုံး ဒဏ်ရာရ သတင်းများအပြင် မှား ယွင်းပစ်ခတ်မှု သတင်းများကိုလည်း ပြည်သူအများ သိရှိစေရန် အချိန်နှင့်တပြေးညီ ဝန်ခံ ထုတ်ပြန်ပေးလေ့ ရှိ သည်ဟု ၎င်းက ဆိုသည်။
ပစ်ခတ်ခံရသည့် ကားအား ရပ်နားဖို့ သတိပေးပစ်ခတ်သည့်အချိန် ရပ်နားပေးခြင်း မရှိခဲ့သည့်အတွက် ရန်သူများ အသွင်ယူ သွားလာမှုဟု ယူဆပြီး မှားယွင်းပစ်ခတ်မိခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသား ဖော်ပြထား သည်။
အသက် ၃၅ နှစ်အရွယ် ကူညီပေးရာပါဝင်ခဲ့သူ တစ်ဦးက “သေသွားတဲ့သူတွေက ကျွန်းစုမြို့ဘက်ကလို့တော့ ကြားရတယ်။ အနီးဝန်းကျင်က ရွာသားတွေကပဲ ဒဏ်ရာရသူ တွေကို ကူညီပြီး လူနာတင်ယာဉ် ခေါ်ပေးတာတွေ လုပ်ခဲ့ပါတယ်” ဟု ပြောသည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီမြို့နယ်အတွင်း ပြီးခဲ့သည့် မတ်လ နောက်ဆုံးပတ်မှ စတင်၍ စစ် ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲများအကြား နေ့စဉ်နီးပါး နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထို့အပြင် စစ်ကောင်စီတပ်ဘက်ကလည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက် ရှိနေသည်ဟု ဒေသခံ များက ဆိုသည်။
ဧပြီလ ၂ ရက်နေ့မှ စတင်ပြီး နယ်စပ်ဒေသသွား ထုံခါ – မောတောင်လမ်းပိုင်းကိုလည်း ဖြတ်သန်းခွင့် ယာယီပိတ် ထားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။