ရေချိုးဆင်းသည့် အမျိုးသားတစ်ဦး တောဆင်ရိုင်းအုပ် နင်းခံရပြီး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်။

ချောင်းထဲ ရေဆင်းချိုးသည့် အမျိုးသားတစ်ဦးသည် ချောင်းအတွင်း အစာရှာ ရေ ချိုးနေသော တောဆင်ရိုင်းအုပ် အကြားကို ရောက်ရှိသွားပြီးနောက် တောဆင်ရိုင်းများ အနင်းခံရကာ သေဆုံး သွားသည်ဟု ဒေသခံများ က ပြောသည်။

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာ အုပ်စု၊ တပ်ကုန်းကျေးရွာ အနောက်ဖက် ဗူးခုံဒေသရှိ သီဟိုဠ်ခြံ နှင့် လယ်ကွင်းအတွင်း နေထိုင်သော ဦးကြည် လွင် အသက် ၅၆ နှစ် ဆိုသူသည် စနေနေ့ ညနေပိုင်းက ၎င်း၏ လယ်ယာအနီးက ရှောက်ချောင်း ချောင်းအတွင်း ရေချိုးဆင်းစဉ် တောဆင်ရိုင်းအုပ် အနင်းခံပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “သူ့ရဲ့ သီဟိုဠ်ခြံ နဲ့ လယ်ကွင်း အစပ်က ချောင်းထဲ ရေသွားချိုးတာမှာ တောဆင်အုပ်ရှိနေတာ မသိဘူး။ ဆင်တွေအကြားထဲ ရောက်သွား‌တော့ ထွက်ပြေးလို့ မလွတ်တော့ဘူးလေ။ ညက အဲ့ဒီနေရာ မသွားရဲ လို့ ဒီနေ့မနက်မှ အလောင်းသွား ကောက်ကြရတယ်။ ကမ်းစပ်မှာ ဖိနပ်က ကျွတ်လျက်သားလေး လူတကိုယ် လုံးလည်း တောဆင်တွေ နင်းထားတာ ရစရာမရှိဘူး” ဟု ပြောသည်။

သေဆုံးသူ ဦးကြည်လွင်၌ တောဆင်ရိုင်းအုပ် အနင်းခံရသဖြင့် ဦးခေါင်းခွံကွဲကာ ခေါင်းပြားသွားပြီး ခန္ဓာကိုယ် အ နှံ့ ဒဏ်ရာ အများအပြား ရရှိကာ သေဆုံးသွားသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ က သေမှုသေခင်း ဖွင့် ဆောင်ရွက် ထား သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ အချို့က ပြောသည်။

အကောင်ရေ ၂၅ ကောင်ထက် မနည်းရှိသော တောဆင်ရိုင်းအုပ်စု တစ်စုသည် ရှောက်ချောင်း ချောင်း တစ် လျှောက် နှင့် တောင်ခြေ တောစပ်ရှိ သီဟိုဠ်ခြံများက သီဟိုဠ်သီးများနှင့် လယ်ကွင်းထဲက စပါး အပါအဝင် ရာသီ ပေါ် သီးနှံများကို ပြီးခဲ့သည့် သီတင်း တစ်ပတ်ကတည်းက မကြာခဏ ဝင်ရောက် စားသောက်ဖျက်ဆီး နေခြင်း ကြောင့် ဒေသခံများက ခြောက်လှန့် မောင်းထုတ်နေကြရသည်။

ဧပြီလ ၁ ရက်နေ့ ညမှာပင် ဦးကြည်လွင် တောဆင်ရိုင်း အနင်းခံရသော ပုသိမ်-သာပေါင်း ကားလမ်း နံဘေးက ရေသိုးကုန်းကျေးရွာအတွင်း တောဆင်ရိုင်း ၃ ကောင် ဝင်ရောက်လာခြင်းကြောင့် ဒေသခံများက မီးပုံ၊ မီးဒုတ် များ ထွန်းပြီး သံပုံး၊ သံချောင်းများ တီးခေါက်ကာ မောင်းထုတ်ခဲ့ရသည် ဟု ပြောသည်။

အသက် ၆၅ နှစ်ရှိ ဒေသခံ ရပ်မိရပ်ဖတစ်ဦး က “ကျုပ်တို့ မြို့နယ်ထဲမှာ ဆင်းနင်းလို့ သေတာ ၃ ယောက်ရှိ နေ ပြီ။ စားပင် သောက်ပင်တွေလည်း ဖျက်ဆီးခံရတယ်။ တောဆင်တွေက တောင်ခြေတောစပ်က သီဟိုဠ် ခြံတွေ အနောက်မှာ ခိုနေကြတာ။ အဲ့ဒါကို သက်ဆိုင်ဌာနတွေက မောင်းထုတ် ပေးစေချင်တယ်” ဟု ပြောသည်။

ယခင်က ငပုတော၊ ပုသိမ်၊ သာပေါင်းမြို့နယ်များက တောင်‌‌ခြေတောစပ်ရှိ ကျေးရွာများကို တောဆင်ရိုင်းများ ဝင်ရောက်လေ့ရှိသည့်အခါ တောဆင်ရိုင်း ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့၊ သစ်တောရဲ နှင့် သစ်တောဦးစီးဌာန တို့က ကွန်ဂျီဆင် (ဆင်ယဉ်) များဖြင့် တောဆင်ရိုင်းများကို ဘေးကင်းရာဆီသို့ ပို့ဆောင်ပေးကြသည် ဟု ဒေသခံ များက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က သာပေါင်းမြို့နယ် ခုနှစ်ပင်တောထဲကို ထင်းခုတ်သွားသည့် ပျဉ်းမထုံး ကျေးရွာ က ဦးချိုဌေး ဆိုသူ တောဆင်ရိုင်း အနင်းခံရကာ သေဆုံးခဲ့ပြီး မတ် ၂၈ ရက်နေ့ကလည်း သီဟိုဠ်ခြံအတွင်းက နေ အိမ်ကို တောဆင်ရိုင်း တစ်ကောင် ဝင်ရောက် ဖျက်ဆီးစဉ် ထွက်မပြေးနိုင်သောကြောင့် လှေကြီးတက်ကျေးရွာ က ဒေါ် တင်တင်ရီ ဆိုသူ တောဆင်ရိုင်း အနင်းခံရပြီး သေဆုံးသွားခဲ့သည်။

ဧရာဝတီတိုင်းအတွင်းက သာပေါင်း၊ ပုသိမ်၊ ငပုတောမြို့နယ်များက သစ်တောများအတွင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မှ မတ်လ ၂၃ ရက်နေ့အထိ တစ်လကျော်အတွင်း မုဆိုးများ သတ်၍ သေဆုံးခဲ့သည့် တောဆင်ရိုင်း ၅ ကောင်ရှိခဲ့သည့်အနက် သာပေါင်းမြို့နယ် သစ်တောအတွင်းက တောဆင်ရိုင်း ၃ ကောင်ပါဝင်သည်ဟု ဒေသခံ များက ပြောသည်။