လက်နက်ကြီးများ ရှိသော တပ်စခန်းကုန်းကို လောင်းလုံ PDF က လက်နက်ကြီးများဖြင့် တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်။

စိန်ပြောင်းအမြောက်များ တပ်ဆင်ထားသည့် စစ်ကောင်စီတပ်၏ စခန်းကုန်းတစ်ခုကို လောင်းလုံးမြို့နယ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

PDF ပူးပေါင်းတပ်ဖွဲ့များဘက်မှ ၈၁-မမ လက်နက်ကြီး ၃ လက် အသုံးပြု၍ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ လည်း လက်နက်ကြီးများဖြင့် ၁၀ ချက်ထက် မနည်းပြန်လည်ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာ ရီခန့်ကြာမြင့်ခဲ့ ကြသည်။

အသက် ၄၀ နှစ်ခန့်အရွယ် သဲပုံရွာသားတစ်ဦးက “ညက အိပ်ယာဝင်ချိန်မှာ တဂျိမ်းဂျိမ်းနဲ့ တောင်ပေါ် စစ်တပ် စခန်းဘက်ကို လက်နက်ကြီးတွေ ကျကွဲနေတာ အချက် ၂၀ လောက်ရှိတယ်။ ရွာနဲ့ နည်းနည်းလှမ်းပေမဲ့ ကလေး တွေ သက်ကြီးရွယ်အိုတွေ ရှိနေတော့ အိမ်တွေ အပေါ်ကျလာမှာ ရွာသားတွေ စိတ်ပူနေကြရတာပေါ့” ဟု ပြောသည်။

လောင်းလုံးမြို့နယ် သဲပုံကျေးရွာရှိ အင်းဝတောင်ပေါ်မှ စစ်ကောင်စီ လက်နက်ကြီးကုန်း စခန်းကို ဇွန်လ ၂၅ ရက်နေ့၊ ည ၈ နာရီခွဲအချိန်ခန့်က လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF နှင့် အထူးပြောက် ကျား တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ စိန်ပြောင်းအမြောက်များ တပ်ဆင်ထားသည့် စစ်ကောင်စီတပ်၏ စခန်းကုန်းတစ်ခုကို လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF ဇွန်လ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယခု ပစ်ခတ်တိုက်ခိုက်မှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် ပစ်ခတ်မှုကို ဇွန်လ ၁၂ ရက်နေ့ ညတွင် ပြု လုပ်ကာ အင်းဝတောင်စခန်းနှင့်အတူ လောင်းလုံးမြို့မ ရဲစခန်းကို လောင်းလုံးမြို့နယ် ပြည်သူကာကွယ် ရေးတပ် ဖွဲ့က စစ်ကြောင်းနှစ်ကြောင်းခွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခု တိုက်ခိုက်ခံရသည့် အင်းဝတောင် စစ်ကောင်စီစခန်းကို အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားကာ မေလ ၂၄ ရက် နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး အနီးတဝိုက်ကုန်းများကို လက်နက်ကြီးပစ်မှတ် သတ်မှတ်ထားသည်ဟု စစ်တပ်နှင့် နီးစပ်သူများက ပြောသည်။

တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်များဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရရှိခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများကိုမူ စုံစမ်းနေဆဲ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အပြန်အလှန်ပစ်ခတ်နေစဉ် ထားဝယ်မှ စစ်ကူလာသည့် အင်အား ၂၅ ဦးခန့်ပါ ခြေလျင်စစ်ကြောင်းမှာ ကမြော ကြီးကျေးရွာအနီးသို့ ရောက်ရှိလာပြီး မိနစ် ၄၀ ခန့်အကြာ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ သည်ဟု LLPDF တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ဇွန်လ ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီ အင်အား ၂၀ ခန့်ပါ ခြေလျင်စစ်ကြောင်းဖြင့် ထားဝယ်- အင်းဝတောင် စခန်းလမ်းပိုင်းကို မိုင်းရှင်းလင်းရှာဖွေခြင်းများလုပ်ဆောင်ခဲ့ကြသည်ဟု LLPDF တပ်ဖွဲ့ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

မွန်းလွဲ ၂ နာရီအချိန်ခန့်၌ မိုင်းရှင်းလင်းရေး စစ်ကြောင်းအပြင် နောက်တိုး အင်အား၂၀ ခန့်ထပ်ပေါင်းကာ စစ်ကောင်စီက အင်းဝတောင်စခန်းအား ထပ်မံအင်အားဖြည့်တင်းခဲ့ခြင်းကြောင့် လက်ရှိတွင် စစ်ကောင်စီ အင်အား ၇၀ ခန့်ရှိနေပြီဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။