အမြောက်တပ်က အရပ်သား တစ်ဦးကို ဖမ်းဆီး သတ်ဖြတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ် (၃၁၀) မှ အရပ်သား အမျိုသားတစ်ဦးအား ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးရွာနေ အသက် ၂၅ နှစ်အရွယ် စောချစ်လေးဆိုသူသည် ဇူလိုင် ၁၇ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ အမြောက်တပ် (၃၁၀) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တစ်ရက်အကြာ ဇူလိုင်လ ၁၈ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ဇူလိုင် ၁၇ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်က စောချစ်လေးသည် ဆိုင်ကယ်ဖြင့် သိမ်ဇရပ်စျေးတွင် စျေး ဝယ်ပြီးအပြန် သိမ်ဇရပ်လမ်းဆုံဂိတ်နေရာ အရောက်တွင် အရပ်ဝတ်ဝတ်ထားသည့် စစ်ကောင်စီတပ်သား နှင့် ဆိုင်ကယ်ချင်း ချိတ်မိကာ ယာဉ်မတော်တဆဖြစ်ခဲ့ရာမှာ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
ထို့နောက် “အမြောက်တပ်က စစ်သားနှစ်ယောက်က ခဏလိုက်ခဲ့ဆိုလို့ သူက လိုက်သွားတယ်။ မိုးချုပ်လည်း ပြန်မရောက်ဘူး။ နောက်နေ့ မနက်ကျတော့ ဆုံးသွားပြီးဆိုတဲ့သတင်းကြားတာ” ဟု ဒေသခံတစ်ဦးက ပြော သည်။
ဆိုင်ကယ်တိုက်မိမှု ဖြစ်ပွားပြီး ၁၅ မိနစ်ခန့် အကြာတွင် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ် (၃၁၀) မှ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စောချစ်လေးအား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက် ဇူလိုင် ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အလောင်းလာထုတ်ရန် မိသားစုထံ အကြောင်းကြားခဲ့သည်ဟု ဒေသခံများက ပြောသည်။
စောချစ်လေး ရုပ်အလောင်းတွင် မျက်ကွင်းညို၊ နှုတ်ခမ်းကွဲ၊ လည်ပင်းနှင့် ဂုတ်ပိုး ညိုမဲစွဲ၊ ဦးခေါင်းညိုမဲစွဲ စသဖြင့် ရိုက်နှက်နှိပ်စက်ခံထားရသည့် ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရကြောင်းလည်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။
စောချစ်လေးသည် ဇူလိုင်လ ၁၈ ရက်နေ့က သိမ်ဇရပ်တိုက်နယ်ဆေးရုံတွင် သေဆုံးသွားသည်မှာ မှန်ကန် ကြောင်း သိမ်ဇရပ်တိုက်နယ်ဆးရုံအုပ် ဒေါက်တာမြတ်ဆုဝေက လက်မှတ်ရေးထိုး စာထုတ်ထားသည်။
စစ်ကောင်စီအား ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်တို့တွင် စောချစ်လေးကို ဂိတ်လုံခြုံရေးတပ်ဖွဲ့များက တားဆီးစစ်ဆေးစဥ် ဖုန်းထဲ၌ PDF စခန်းတွင် ရိုက်ထားသည့် ဗီဒီယိုတွေ့ရှိပြီး သိမ်ဇရပ်ရဲစခန်းတွင် ဖမ်းဆီးချုပ် နှောင်ထားစဥ် အမောဖောက်ကာ ဆေးရုံပို့ဆောင်ခဲ့ရကြောင်း ထို့နောက် ဆေးရုံရောက်ပြီးနောက် သေဆုံးသွား ကြောင်း မဟုတ်မမှန် ရေးသားဖော်ပြထားသည်။
သို့သော် ဒေသခံများ၏ ပြောဆိုချက်အရ စောချစ်လေးသည် မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်ခြင်းမရှိဘဲ စျေးအရောင်းအဝယ်အလုပ်ကို လုပ်ကိုင်စားသောက်နေသည့် သာမာန်ပြည်သူတစ်ဦးသာ ဖြစ်သည်ဟု ဆိုကြသည်။
လာရောက်ဖမ်းဆီးသွားချိန်တွင် စောချစ်လေးထံတွင် ငွေသား (၆)သိန်းခန့်အပြင် ဖုန်းတစ်လုံးနှင့် ဆိုင်ကယ် (၁) စီး ပါသွားပြီး ရုပ်အလောင်းသွားထုတ်သည့် အချိန် အဆိုပါပစ္စည်းများ ပြန်မရခဲ့သည့်အပြင် အလောင်းထုတ် ခွင့် ရရေး ရဲစခန်းကို ငွေကျပ်နှစ်သိန်း ပေးလိုက်ရသည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကလည်း စစ်ကောင်စီအမြောက် (၃၁၀) မှ တပ်ကြပ်ကြီး ဦးတင်ရွှေ(ငြိမ်း) ၏ ချွေးမဖြစ် သူနှင့် စကားများခဲ့သည့် ဆိပ်ကလေးကျေးရွာနေ အမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးကာ သတ်ဖြတ်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကောင်စီ လက်အောက်ခံ (တပ်မ-၄၄) တပ်များက ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်း လူ့အခွင့် ရေး ချိုးဖောက်မှုများကို ကျူးလွန်နေပြီး ဇူလိုင်လ (၁၆) ရက်နေ့ကလည်း ဝင်းကလောကျေးနယ်နှင့် ငှက်ပျော တော ကျေးနယ်တို့အတွင်း စစ်ကြောင်းထိုးကာ ပြည်သူပိုင် ပစ္စည်းများကို မတရားခိုးယူလုယက်ခဲ့သည့် အပြင် အရပ်သား ၃ ဦးကိုလည်း သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့ကြသည်ဟု KNU က ထုတ်ပြန်ထားသည်။