“ရန်လိုသူတို့ ငိုပွဲ” သို့မဟုတ် “ကရင်နီမှာ အခြေမလှတဲ့ စစ်ကောင်စီ”

အားမီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ၂၀၂၃ ခုနှစ်။

“သူတို့တွေက ‘ကြွက်မနိုင်ရင် စပါးကျီမီးရှို့’ ဆိုတဲ့အတိုင်း သူတို့က အထိနာများတဲ့အခါ အကျအဆုံးများတဲ့အခါ ရွာတွေကို မီးရှို့တယ် ….”

ဟု ဆိုလာသူက ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အတွင်းရေးမှူး (၃) ခူးရီဒူပဲဖြစ်သည်။ ခူးရီဒူကတော့ ကယား (ကရင်နီ) ပြည်၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက တိုက်ပွဲများထဲမှာ အဓိက ဦးဆောင်နေသူ တစ်ဦးဖြစ်သည်။

ခူးရီဒူ ပြောသကဲ့သို့ စစ်ကောင်စီတပ်သည် မြေပြင်တွင် အထိနာလာသည့်အတွက် လူနေအိမ်များကို မီးရှို့သည့် အပြင် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ်မခွဲခြားဘဲ ပြည်သူများ၊ စစ်ဘေးရှောင်များ နေထိုင်သည့်နေရာများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုများကို စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန် ရေးကာလတွင် ဆက်တိုက်ဆိုသလို လုပ်ဆောင်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များကပြောသည်။

ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်း ၆ နာရီ ၄၅ မိနစ်အချိန်ကလည်း ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းနေရာ တနေရာအား စစ်ကောင်စီက တိုက်လေယာဥ် (၂) စီးဖြင့် ဗုံးကြဲခဲ့သည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်ခံရမှုထဲ စစ်ရှောင်ပြည်သူ အမျိုးသား ၃ ဦး ထိမှန်ကာ ၁ ဦး သေဆုံးသွားသည်။

စစ်ရှောင်တစ်ဦးက “ဆိုင်တန်းဘက်မှာလည်း တစ်လုံးကျတယ်။ တိုက်ပွဲက ဒေါညေးခူဘက်မှာဖြစ်တာ။ တိုက်ပွဲက ဒီရက်ပိုင်းဆက်တိုက်ပဲ။ စစ်သားတွေက ဒေါညေးခူက မီးရှို့ခံထားရတဲ့ ဘုရားကျောင်းနေရာထိ လာနေထားတယ်။ မနက်အစော လေယာဉ်နဲ့ လာကြဲထဲ စာသင်ကျောင်းလည်း နည်းနည်းထိသွားတယ်။ လူကတော့ တစ်ယောက်သေတာပေါ့” ဟု ပြောသည်။

ကရင်နီပြည်နယ်ထဲတွင် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်အတူ တိုက်ပွဲများမှာ ရပ်တန့်သွားခြင်းမရှိဘဲ ၂၀၂၃ ခုနှစ် မတ်လခန့်ကတည်းက ယနေ့အချိန်ထိ ဆက်လက်ဖြစ်ပွားနေသည်ဟု ဒီးမော့ဆို အရှေ့ခြမ်းက စစ်ရှောင်များနှင့် ၎င်းတို့အား ကူညီပေးနေသူများကပြောသည်။ ၂၀၂၃ ခုနှစ်ထဲတွင် ယခင်နှစ်များထက် တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေ ပိုစိပ်လာသည်ဟု ဆိုကြသည်။

ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် လူဦးရေ ၂ သိန်းခွဲကျော်မှာ နေရာပြန့်ကြဲကာ စစ်ဘေးရှောင်နေကြရပြီး အခြေခံစားနပ်ရိက္ခာများ၊ ဆေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြောသည်။

လူဦးရေ ၃ သိန်းခွဲဝန်းကျင်သာ နေထိုင်သည့် မြန်မာနိုင်ငံအတွင်းက အသေးငယ်ဆုံးပြည်နယ် ကယား (ကရင်နီ) ပြည်တွင် လူဦးရေ ၂ သိန်းခွဲကျော် စစ်ရှောင်နေရသည်ဆိုသော ပမာဏကို ခန့်မှန်းကြည့်ရုံဖြင့်ပင် တိုက်ပွဲများ မည်မျှပြင်းထန်နေသည်ကို သိနိုင်ပေသည်။

သို့သော် အဆိုပါ အသေးဆုံးပြည်နယ်အတွင်း စစ်ကောင်စီထိန်းချုပ်ရာ နယ်မြေများကို ကရင်နီပူးပေါင်းတပ်များက ဆက်တိုက်သိမ်းပိုက်ကာ နယ်မြေစိုးမိုးမှု တိုးများလာချိန်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ခြေလှမ်းစနိုင်ရန် တော်လှန်ရေးအင်အားစုများက ကြိုးပမ်းလာသည်ကို သိသိသာသာ မြင်လာရသည်။

ဩဂုတ်လထဲတွင် ဒီးမော့ဆို၊ ဖရူဆို၊ ဖာဆောင်း၊ ဘော်လခဲ၊ မယ်စဲ့အပြင် ရှမ်း-ကရင်နီအစပ်မှာ တိုက်ပွဲများ ဆက်လက်ဖြစ်နေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒု-စစ်ဦးစီးချုပ် မာဝီကပြောသည်။

“ဒီနှစ်ထဲမှာ အရမ်းပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ခဲ့တယ်။ ဒီတစ်လ (ဩဂုတ်လ) အတွင်းမှာကတော့ ဒီးမော့ဆို၊ ဖရူဆို ကားလမ်းတလျှောက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေ ရှိတယ်။ ပြီးတော့ မယ်စဲ့ဘက်မှာ ဖြစ်နေတဲ့ဟာတွေရှိတယ်။ ထိုင်း-မြန်မာ နယ်စပ်တကြောမှာရှိတယ်။ ဒီနေရာတွေက အပြင်းထန်ဆုံးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုရော၊ လက်နက်ကြီးရော မော်တာတွေရော လုပ်နေတဲ့အခြေအနေတွေ ရှိတာပေါ့။ နေရာတိုင်းမှာ ပြင်းထန်နေတယ်။ စစ်တပ်က အလုံးအရင်းနဲ့ထိုးတယ်။ သူမနိုင်ဘူးဆိုရင် ဒါမှမဟုတ် သူရှေ့တက်ဖို့ ခက်ခဲနေတယ်ဆိုရင် သူ လေကြောင်းတွေသုံးပြီး တိုက်ခိုက်တယ်။”

ရှမ်း- ကရင်နီပြည် အစပ်ရှိ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းမှ လွိုင်ကော်မြို့နယ်အတွင်းသို့ ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် မသန်စွမ်း အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

စစ်အာဏာသိမ်းကာလအတွင်း ကယား (ကရင်နီ) ပြည်ရှိ မြို့နယ် ၇ မြို့နယ်အပြင် ရှမ်း-ကယား (ကရင်နီ) နယ်စပ်ဖြစ်သည့် ဖယ်ခုံနှင့် ပင်လေးမြို့နယ်များအထိ စစ်ကောင်စီအား ခုခံတော်လှန်သည့်စစ်က ပြင်းထန်ကျယ်ပြန့်လာခဲ့သည်။

ထိုသို့ ခုခံတော်လှန်စစ်ကြောင့် စစ်ကောင်စီတပ်အနေဖြင့် ကရင်နီပြည်နယ်၏ နယ်မြေ ၂၀% ခန့်ကိုသာ ထိန်းချုပ်ထားနိုင်သည့် အနေအထား ရှိနေသည်ဟု ကရင်နီပူးပေါင်းတပ်များက ဆိုသည်။

KNDF ဒု-စစ်ဦးစီးချုပ် မာဝီက “၆၀% ကတော့ ကျနော်တို့ ရှိနေတယ်။ ကျနော်တို့အောက်မှာ ရှိတယ်ပေါ့နော်။ ကျနော်တို့ ထိန်းချုပ်ထားတယ်။ ကျနော်တို့ဆိုတာ ဒီတော်လှန်ရေးမှာ ထဲထဲဝင်ဝင်နဲ့ နိုင်ငံရေးအရ စစ်ရေးအရ လုပ်ကိုင်နေတဲ့ လုပ်ဆောင်နေတဲ့သူတွေ ထိန်းချုပ်ထားတယ်လို့ နယ်မြေအနေအထားက ၆၀% လောက်ရှိတယ်။ ၂၀% ကတော့ စစ်ကောင်စီက နေနေတယ်၊ သူတို့ ထိန်းချုပ်ထားတယ်ပေါ့။ နောက်ထပ် ၂၀% ကတော့ နှစ်ဘက်စလုံး ဝင်ထွက်သွားလာကြတယ်ပေါ့နော်။ အဲ့နေရာကို ဘယ်သူမှ မထိန်းချုပ်ဘူး။ နောက်ပြီး အဲ့ထဲမှာ သူတို့လည်းမရောက် ကျနော်တို့လည်းမရောက်တဲ့ နေရာတွေလည်းရှိပါတယ်” ဟုပြောသည်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်းထူထောင်ခြင်း ၂ နှစ်ပြည့် စစ်ရေးသတင်း ထုတ်ပြန် ချက်အရ ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ဇွန်လအထိ စစ်တပ်နှင့် KNDF အပါအဝင် ကရင်နီပူးပေါင်းတပ် များအကြား တိုက်ပွဲပေါင်း အကြိမ်ရေ ၁,၀၀၀ ကျော် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂,၀၆၅ ဦး သေဆုံးပြီး ၄၁ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီဘက်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေရသည့် အကြောင်းရင်းကလည်း တချက်ထက်မက ရှိနေသည်ဟု KNDF ဒု-စစ်ဦးစီးချုပ် မာဝီက ဆက်ပြောသည်။

“သူတို့ထိန်းထားတဲ့ နယ်မြေတွေကို မဆုံးရှုံးချင်ဘူးဆိုတဲ့ အကြောင်းပြချက် တစ်ခုရှိမယ်။ ပြီးတော့ သူတို့ အာဏာသိမ်းပြီးတော့ တောထဲမှာလည်း ကျကျနန အောင်ပွဲ ကြီးကြီးမားမားရတဲ့ တိုက်ပွဲလည်း မရှိဘူးပေါ့နော်။ ဘယ်နေရာမှာပဲ ကြည့်လိုက် ကြည့်လိုက် စစ်ကောင်စီဘက်က အကျအဆုံးများစွာနဲ့ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာကို အဖတ် ဆယ်ချင်တဲ့ဟာတွေလည်း ပါတာပေါ့လေနော်။”

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကရင်နီ ပူးပေါင်းတပ်များက ဇွန်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီ တပ်စခန်းများနှင့် ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိပြီး ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်သည့် စစ်ကောင်စီတပ်သားများပင် ရှိခဲ့သည်။

အဆိုပါ မယ်စဲ့တိုက်ပွဲကလည်း စစ်ကောင်စီတပ်ကို အရှက်ရစေခဲ့သည့် တိုက်ပွဲများထဲက တိုက်ပွဲတစ်ခုပင်ဖြစ်သည်။

ထို့ကြောင့် “တစ်နိုင်ငံလုံးကို ထိန်းချုပ်ပါမယ်လို့ ကောင်းအောင်လုပ်ပါ့မယ်လို့ သူတို့ရဲ့စစ်တပ်က ဘယ်လိုပါလို့ ဆိုပြီး ပြောပြီးတော့ ဒီလိုမျိုး လူဦးရေနည်းနည်းလေးနဲ့ resource နည်းနည်းလေးနဲ့ ကရင်နီကိုတောင် သူတို့ ဘာမှ မထိန်းချုပ်နိုင်ဘူးဆိုတဲ့ဟာက သူတို့အတွက်ကို ဂုဏ်သိက္ခာအရ အရမ်းကို အရှက်ရစေတဲ့ကိစ္စရပ် ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့ ရှုံးမည်းမည်းတာမျိုး ရှက်မည်းမည်းတာမျိုး လုပ်နေတယ်လို့ပဲ သုံးသပ်ချင်ပါတယ်” ဟု KNDF ဒု-စစ်ဦးစီးချုပ်က ဆက်ပြောသည်။

စစ်ကောင်စီတပ်၏ ရှေ့တန်းစခန်းပေါင်း ၁၀ ခုကိုလည်း ကရင်နီပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက် ထားနိုင်သည့်အပြင် စစ်တပ်ထိုင်နေကျ စစ်ဆေးရေးဂိတ်အချို့ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။

“စစ်ကောင်စီအနေနဲ့ကတော့ မြို့လို့ ပြောလို့ရတဲ့ နေရာမျိုးတွေမှာပဲ သူ့ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေ တယ်ဆိုတာ ဟုတ်ပါတယ်။ လွိုင်ကော်မြို့ရှိမယ်။ ဘော်လခဲရှိမယ်။ ဘော်လခဲဆိုတာက တပ်မြို့သဘောပဲ၊ တပ်မိသားစုတွေနဲ့ တပ်တွေပဲရှိတာ။ ဒါတောင်မှ တပ်တွေပဲ ကျန်တော့တယ်ပေါ့။ တကယ့်ဒေသခံ ဟိုးအရင်က တည်းက ဒေသခံတွေကတော့ ထွက်ပြေးကုန်ပြီပေါ့လေနော်။ ဖာဆောင်းဆိုရင် လည်း ထိုနည်းလည်းကောင်း ပဲပေါ့။ ပြီးရင် ဖယ်ခုံပေါ့။ ဆိုတော့ ဒီလို မြို့နဲ့ မြို့ပတ်ဝန်းကျင်လောက်မှာပဲ အသည်းအသန် ကျနော်တို့မဝင်နိုင် အောင် ကာကွယ်နေတဲ့ အနေအထားမျိုး ပုံစံတော့ရှိပါတယ်” ဟု KNDF ဒု-စစ်ဦးစီးချုပ် မာဝီက ဆက်ပြော သည်။

အလားတူ စစ်တပ်က ၎င်းတို့ဆုံးရှုံးသွားသည့် မြေများ၊ နေရာများ၊ တပ်စခန်းများ၊ ဂိတ်စခန်းများနှင့် မြို့ရွာများ အား ပြန်လည်ရရှိရေး စီမံချက်ချကာ လုပ်ဆောင်နေသည့်အပြင် နယ်မြေတည်ရှိမှု အနေအထားအရလည်း ကရင်နီပြည်ကို ပြင်းထန်သည့်ထိုးစစ်များ လုပ်နေခြင်းဖြစ်သည်ဟု KNDF ဒု-စစ်ဦးစီးချုပ် မာဝီက ဆက်ပြော သည်။

“နောက်တစ်ခုကတော့ နေပြည်တော်နဲ့ နီးစပ်တယ်ဆိုတဲ့ဟာကလည်း အတိုင်းအတာတစ်ခုထိ ဖြစ်နိုင်ပါတယ်။ နေပြည်တော်ကို ဝင်ပေါက်ဖြစ်မယ့်နေရာ ဆိုတာမျိုးကိုလည်း သူတို့တွက်ပုံရပါတယ်။ အဲ့ဒီအတွက်လည်း ကျနော်တို့ကို ပျောက်ကွယ်အောင် အသည်းအသန် လုပ်နေတာလည်း ဖြစ်လိမ့်မယ်။ ပထဝီအနေအထားအရ တောင်ပိုင်း၊ မြောက်ပိုင်းကနေ ချဉ်းကပ်နိုင်တဲ့အပေါက်သည် ကျနော်တို့ဘက်ကပဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဟာကိုလည်း အင်အား အလုံးအရင်းနဲ့ တားဆီးမယ်ဆိုတာမျိုးလည်း စဉ်းစားပုံရတယ်။”

အကျအဆုံးများနေသည့် စစ်ကောင်စီတပ်နှင့် ခုခံတော်လှန်စစ် ပြင်းထန်မှုများကြောင့် ကရင်နီဒေသအတွင်း စစ်တပ်က နေအိမ်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးမှု၊ လက်နက်ကြီးဖြင့် ရပ်ရွာများထဲ ပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲပစ်ခတ်မှုများ ဆက်တိုက်လုပ်နေသည်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) အဖွဲ့၏ စက်တင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခု နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ ကရင်နီပြည်အတွင်း အရပ်သား သတ် ဖြတ်ခံရသူ ၃၈၀ ဦးနှင့် မတရားဖမ်းဆီးခံရသူ ၁၉၂ ဦး ရှိခဲ့သည်။

လေကြောင်းတိုက်ခိုက်ခံရမှု ၆၁၉ ကြိမ်ရှိခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၄၂ လုံး၊ လူနေအိမ်အလုံးရေ ၁,၇၀၀ လုံး ပျက်စီးသွားသည်ဟု PKPF က ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်များအား ခုခံတော်လှန်ရင်း KNDF မှ ရဲဘော် ၁၅၃ ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ အုပ်ချုပ်ရေးကို ငြင်းပယ်ကာ ကရင်နီပြည်သူလူထု ကိုယ်စားပြုသည့် အုပ်ချုပ်ရေးကို တည်ဆောက်ကြရမည်ဟုလည်း KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ကတိပြုထားသည်။

ယခု နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ရေးအင်အားစုများ အောင်ပွဲဆင်နိုင်ခြင်း၊ ဆက်တိုက် အောင်မြင်နေရခြင်းမှာ လူထုလူတန်းစားအသီးသီးက ပါဝင်လာခြင်းကြောင့်ဖြစ်သည်ဟု ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌလည်းဖြစ်၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေးမှူး (၂) လည်းဖြစ်သူ ဦးအောင်ဆန်းမြင့်ကပြောသည်။

“နှစ်ပေါင်း ၇၀ ကျော်ကတော့ ခုခံတော်လှန်ရေးလုပ်တာကတော့ ဒီတော်လှန်ရေးကို sacrifice လုပ်နိုင်တဲ့ အဖွဲ့ အစည်းတချို့နဲ့ပဲ ကျနော်တို့လုပ်ကြတယ်။ လုပ်ကြတဲ့အခါမှာ ကျနော်တို့ အထဲထဲမှာရှိတဲ့ ပြည်သူတရပ်လုံး ကရင်နီတမျိုးသားလုံးကတော့ မပါလာဘူး။ တကယ်တမ်း ကရင်နီနိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ကရင်နီရဲ့ သမိုင်းကြောင်းကို သိကြတဲ့ တော်လှန်ရေးကို ဦးဆောင်တာပေါ့နော်။ ဒါပေမယ့်လည်း အခု လူထုတော် လှန်ရေး နောက်ပိုင်းမှာတော့ လူထုလူတန်းစား အသီးသီးပေါ့နော် လူငယ်အားလုံးက တော်လှန်ရေးမှာ အရှိန် အဟုန်ပြင်းပြင်းနဲ့ ပါလာတာပေါ့နော်။ ဒါကြောင့် ဒီနေ့သွားနေတဲ့ လက်နက်ကိုင်တော်လှန်ရေးက နိုင်ငံရေးထက် ရှေ့ကိုရောက်နေတဲ့ သဘောရှိတယ်။”

ကရင်နီပြည်သူလူထုတရပ်လုံး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးတွင် ပါဝင်နေသည့်အပြင် နှစ်ဘက် တပ်များအကြား စိတ်ဓာတ်ရေးရာ ကွာခြားမှုကလည်း ကရင်နီတော်လှန်ရေးအင်အားစုများ၏ အားသာ ချက်ဖြစ်သည်ဟု တပ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“အဓိက စိတ်ဓာတ်ကွာတာပဲ၊ မယ်စဲ့ဘက်ပဲပြောပြော အခုဖြစ်နေတဲ့ ကရင်က လက်ခတ်တောင်ပဲပြောပြော ခံတပ်ကုန်းကျတယ်ဆိုတာ စစ်တပ်မှာ အဓိပ္ပါယ်မရှိဘူး။ တဘက်က ဘယ်လောက်ပဲ တက်လာတက်လာ ခံတပ်မှာနေတဲ့လူက တိုက်နိုင်ရမယ်။ အခုက အဲ့လိုမဟုတ်ဘူး။ အခုပြောနေတဲ့ ကရင်နီပဲ ထားပါတော့ သူတို့က သူတို့လူမျိုး၊ သူတို့ပြည်နယ်အတွက် ဆိုတာမျိုးရှိတယ်။ စစ်သားတွေမှာ အဲ့လိုရှိမနေတော့ဘူး။ အချင်းချင်း လည်း မယုံကြတော့ဘူး။ သူသေကိုယ်သေ တိုက်ဖို့နေနေသာ ခြေတဘက်က လှည့်ထားပြီးသားဖြစ်နေပြီ။”

စစ်ကောင်စီတပ်က ကရင်နီပြည်နယ်အတွင်း ၎င်းတို့ ထိန်းချုပ်ထားပါသည်ဆိုသော မြို့ဧရိယာအတွင်း၌ပင်လျှင် ညအချိန် ပေါက်ကွဲသံ၊ ပစ်ခတ်သံများ ထွက်ပေါ်လာပါက ပြည်သူလူထုလုံခြုံရေးအတွက် ကာကွယ်ပေးနိုင် ခြင်းမျိုးမရှိဟု ဆိုသည်။

ထိုသို့ ပေါက်ကွဲသံများ၊ ပစ်ခတ်သံများ ထွက်လာသည့်ဘက်သို့ လက်နက်ကြီး/ငယ်ဖြင့်သာ ၎င်းတို့နေသည့် စခန်းအတွင်းမှ ရမ်းသမ်းပစ်ခတ်မှုများကိုပဲ လုပ်လေ့ရှိသည်ဟု တပ်နှင့်နီးစပ်သူကဆိုသည်။

၎င်းက “အရင်က စစ်သားတွေက မိုင်းသံမထွက်ခင်ကတည်းက ကင်းလှည့်နေကြတာ။ အခုက အဲ့လိုမဟုတ်ဘူး။ မိုင်းသံ သေနတ်သံ ကြားတာနဲ့ စခန်းထဲက မထွက်ရဲကြတော့ဘူး။ အရာရှိတွေကအစနော် အဲ့လိုမျိုး။ ရွာထဲ ညကြီး မီးလောင်လို့ အုပ်ချုပ်ရေးပဲပြောပြော၊ နယ်ခံတပ်ပဲပြောပြော ဖုန်းဆက်ရင်တောင် ‘ဟာ’ ဒီအချိန်ကြီးကွာ ဆိုပြီး အပြင်မထွက်ရဲကြဘူး။ ကြောက်နေကြတာ။” ဟု ပြောသည်။

ထိုကြောက်စိတ်ကြောင့်ပင် စစ်တပ်၏ တိုက်ရည်ခိုက်ရည် ကျဆင်းလာရသည်ဟု သူက ဆက်ပြောသည်။

“စိတ်ဓါတ်ကမရှိရင် သေနတ်လက်ထဲရှိနေရင်လည်း အလကားပဲ။ တုတ်တောင် အသုံးကျသေးတယ်။ သေနတ်က လေးတယ်လေ။ စိတ်ခြောက်ခြားပြီဆို သေနတ်က ပစ်လို့လည်းမရတော့ဘူး။ အဲ့တော့ ထားပြီး ပြေးကြတာပေါ့” ဟုပြောသည်။

မြေပြင်ရှိ ကရင်နီတော်လှန်ရေး ရဲဘော်တိုင်းတွင် မည်သည့်အကြောင်းရင်းကြောင့် လက်နက်ကိုင်ရသနည်း၊ မိမိတို့ထက် အင်အားကြီးလွန်းလှသည့် တပ်အား အဘယ့်ကြောင့် တော်လှန်နေရသနည်ဆိုသည့် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ ရှိကြသည်ဟု ကရင်နီပူးပေါင်းတပ်များက ဆိုသည်။

တရားမျှတမှု၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေး၊ လက်နက်နှင့် အနိုင်ကျင့်နေသူများအား တိုက်ထုတ်ရေး၊ တိုင်းရင်းသားအခွင့်အရေး စသည့်ကိစ္စရပ်များအတွက် တိုက်ပွဲဝင်နေရခြင်းဖြစ်ကြောင်း ကရင်နီရဲဘော်များက ရှင်းရှင်းလင်းလင်း နားလည်ကာ တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်ဟု ကရင်နီလက်နက်ကိုင် တော်လှန်ရေးအင်အားစုများက ပြောသည်။

“ကျနော်က ဘာလို့ လက်နက်ကိုင်နေတာလဲဆိုတာကို ကောင်းကောင်းသိတယ်။ နောက်တခုက ကျနော်တို့က သူများနေရာကို သွားတိုက်တာမဟုတ်ဘူး။ ကျနော်တို့ ပြည်နယ်ထဲကို လာတဲ့သူတွေကို ကျနော်တို့က ခုခံတော်လှန်တာဖြစ်တယ်။ အဲ့တော့ နယ်မြေအနေအထားအရ ဘယ်မှာ ဘာရှိတယ်၊ ဘယ်မှာ ရေရှိတယ်၊ ဘယ်မှာ မြောင်းရှိတယ်၊ ချောင်းရှိတယ်၊ အိမ်ရှိတယ်ဆိုတာကအစ သိတဲ့ အားသာချက်တွေရှိတယ်” ဟု KNDF ရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် လူထု၏ ပူးပေါင်းပါဝင်မှု၊ ပံ့ပိုးပေးမှုများနှင့် လူထု၏ ဆုတောင်းသံများကလည်း ကရင်နီ တော်လှန် ရေးတပ်ဖွဲ့များအတွက် အောင်နိုင်ရေးဆီ တွန်းပို့ပေးသည်ဟု ဆိုသည်။

“ကျနော်တို့က ဘာမှ မရှိတဲ့ အခြေအနေကနေ စခဲ့ရတဲ့သူတွေဖြစ်တယ်။ လက်ထဲမှာ ဓါးတိုတစ်ချောင်းတောင် မရှိဘူး။ အခုချိန်မှာ KNDF အနေနဲ့ဆိုရင် တပ်ရင်း ၂၁ ရင်း ကျနော်တို့ ဖွဲ့စည်းနိုင်တယ်။ plus အခြားသော အထောက်
အကူပြု အဖွဲ့တွေပေါ့နော် ကွန်မန်ဒိုအဖွဲ့တွေလိုမျိုး အထူးတပ်ဖွဲ့လိုမျိုးပေါ့နော် ဒါမျိုးတွေ၊ ဒရုန်းတွေ ဒါမျိုးတွေနဲ့ ဖွဲ့စည်းလာနိုင်ခဲ့တယ်။ စစ်တပ်က အင်အားအကြီးကြီးနဲ့ ထိုးလာရင် ကျနော်တို့ကလည်း ပြန်တိုက်နိုင်ခဲ့တယ်။ ဒါက စစ်ရေးအရ ရရှိလာတာပေါ့နော်”
ဟု KNDF ဒု-စစ်ဦးစီးချုပ် မာဝီက ဆက်ပြောသည်။

ကရင်နီပြည်နယ်အတွင်း အခြေစိုက်တပ်ရင်းများဖြစ်သည့် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ်၊ အမှတ် ၂ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ)၊ တပ်ရင်း ၁၄၊ ၁၅ တို့အပြင် တပ်မ ၅၅၊ ၆၆၊ တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်း ၂၊ ရှမ်းပြည်နယ်အခြေစိုက် တပ်ရင်း ၁၀ ရင်း၊ စကခ ၁၄၊ ၁၈ နှင့် အရှေ့အလယ်ပိုင်းတိုင်းရှိ တပ်အချို့က စစ်ဆင်ရေးများ လုပ်ဆောင်နေသည်ဟု KNDF နှင့် KNPP တာဝန်ရှိသူများကပြောသည်။

တော်လှန်ရေးအင်အားစုဘက်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်အောက်ခံ ကရင်နီ တပ်မတော် (KA)၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအပြင် ဒေသတွင်းအခြေစိုက်သည့် အခြားသော တော်လှန်ရေးအဖွဲ့အစည်းမျိုးစုံလည်း ရှိနေသည်။

ထို့အပြင် ၁၉၇၈ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲကာ ၂၀၀၉ ခုနှစ်တွင် နယ်ခြား စောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းလဲခဲ့သည့် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) (KNPLF) တပ်ရင်းနှစ်ခုက ဇွန်လ ၁၃ ရက်နေ့တွင် မယ်စဲ့မြို့နယ်တွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အတွင်း တော်လှန်ရေးအင်အားစုများနှင့်အတူ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ခဲ့သည်။

ပြည်သူအား မတရားဖိနှိပ်သည့် စစ်ကောင်စီကို ပြန်၍ တွန်းလှန်တိုက်ခိုက်ပြီဖြစ်ကြောင်း KNPLF (ကလလတ) က ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင်ထုတ်ပြန်လိုက်ခြင်းကလည်း ကရင်နီပြည်သူများသာမက ကရင်နီ တော် လှန်ရေးအင်အားစုများတွက် ခွန်အားဖြစ်ခဲ့ရသည်။

ယခင်က နိုင်ငံရေးအယူဝါဒနှင့် ဦးဆောင်မှုများ မတူညီခဲ့သောကြောင့် အစုအဖွဲ့များစွာ ကွဲပြားခဲ့သော်လည်း ယနေ့ နွေဦးတော်လှန်ရေးကာလတွင် ပြောင်းလဲသွားခဲ့သည်။

မြေပြင်တိုက်ပွဲများတွင် များစွာတိုးတက်လာသည့်အပြင် တပ်ပေါင်းစုသဏ္ဌာန်နှင့် တိုက်ပွဲများဖော်ဆောင်ကာ အောင်မြင်မှုများ ရရှိနေပြီဖြစ်သည်။ ကရင်နီပြည်နယ်အတွင်းရှိ ၉၅% ခန့်သော တပ်အများစုသည် တပ်ပေါင်းစု ပုံစံဖြစ်လာကာ ရှေ့တန်းတွင် ကွပ်ကဲမှုတစ်ခုတည်းအောက်တွင် စစ်တပ်ကိုတိုက်ခိုက်နေခြင်းသည် KNDF အတွက်လည်း မှတ်ကျောက်တစ်ခုဖြစ်သည်ဟု မာဝီကဆိုသည်။

ယခုလက်ရှိတွင် ကရင်နီပြည်နယ်၌ အစိုးရအဖွဲ့ကိုပါ ဖွဲ့စည်းကာ ပြည်သူ့အုပ်ချုပ်ရေး၊ အရပ်သားအုပ်ချုပ်ရေး ကိစ္စရပ်များကို ဆောင်ရွက်နေပြီဟုဆိုသည်။ ပညာရေး၊ ကျန်းမာရေး၊ အခြားသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း များ၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ၊ ရဲတပ်ဖွဲ့များကို ဖွဲ့စည်းကာ အကောင်အထည်ဖော် ဆောင်ရွက် နေပြီ ဟုဆိုသည်။

KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က “ကျနော်တို့ကတော့ ပြည်နယ်ဧရိယာရဲ့ တဝက်ကျော်ကို သိမ်းထားနိုင်ပြီ။ ဒါကြောင့် ဒီအုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကို ကျနော်တို့ လက်နဲ့ခြေနဲ့ ပြန်ပြီးတော့မှ ဆောင်ရွက် နိုင်ပြီ။ အဲ့ဒီအတွက်လည်း KSCC တို့၊ IEC တို့ကို ဖွဲ့စည်းပြီးတော့ ကျနော်တို့ရဲ့ ပြည်နယ်အရေး၊ ကိုယ်ပိုင်ပြဌာန်း ခွင့်ကို ကိုယ်တိုင်ပေါ့နော် ဆောင်ရွက်နေပြီ ဖြစ်တယ်ပေါ့” ဟုပြောသည်။

အောင်မြင်မှု၊ နယ်မြေစိုးမိုးထားနိုင်မူ၊ စစ်ရေးအရ အသာစီးရရှိနေမှုများ၏ တဘက်တွင် ကရင်နီတော်လှန်ရေး အင်အားစုများ နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုမှာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်နှင့် အရပ်သား ပစ်မှတ်မခွဲခြားဘဲ လူထုရပ်ရွာများဘက် လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုများပင်ဖြစ်သည်။

နေ့စဉ်ဖြစ်ပွားနေသည့် တိုက်ပွဲများထဲ စစ်တပ်က စစ်ဆေးရေးများ တင်းကျပ်ထားခြင်း၊ ကုန်စည်များနှင့် ဆေးများ စစ်ရှောင်များဆီ မရောက်အောင် လမ်းများပိတ်ထားခြင်း၊ ဖြတ်သန်းသွားလာခွင့်မပေးခြင်း၊ တိုက်ပွဲများ အပြင်းအထန်ဖြစ်နေချိန် ဖုန်းလိုင်းများ ဖြတ်တောက်လိုက်ခြင်း စသည့် ဖြတ်လေးဖြတ်ပုံစံမျိုးကို ကျင့်သုံးနေသည်ဟု ထောက်ပြချက်များလည်း ရှိနေသည်။

“ကျနော်တို့ တိုက်ပွဲဖြစ်ပြီး သူတို့က အသေအကြေများတယ်၊ လက်နက်တွေရပြီး ကျနော်တို့ ဆုတ်တဲ့အချိန်မှာ စစ်သားတွေက ရွာတွေကို မီးရှို့တာဖြစ်တယ်။ ရွာသားတွေရဲ့ပစ္စည်းတွေကို ယူတယ်၊ ခိုးတယ်၊ ဖျက်ဆီးတယ်။ လက်ရှိ ကျနော်တို့ တွေ့ကြုံခံစားနေရတဲ့ စစ်ကောင်စီရဲ့ မတရားသတ်ဖြတ်မှုတွေ၊ ညှဥ်းပန်းနှိပ်စက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျနော်တို့မျိုးဆက်မှာပဲ ပြီးဆုံးခိုင်းစေချင်တယ်။ နောက်မျိုးဆက်တွေကို မတွေ့ကြုံခိုင်းစေချင်တဲ့အတွက်ကြောင့် အခက်အခဲဘယ်လောက်ရှိရှိ နောက်မျိုးဆက်တွေက အသီးအပွင့်တွေ ခံစားနိုင်ဖို့အတွက် အဲ့ဒီစိတ်နဲ့ပဲ သွားနေတာပေါ့” ဟု KNDF အတွင်းရေးမှူး (၃) ခူးရီဒူက ပြောသည်။

လက်ရှိ နွေဦးတော်လှန်ရေးသည် နှစ်ပေါင်း ၇၀ ကျော်က စတင်ခဲ့သည့် တော်လှန်ရေးနှင့် ကွဲပြားမှုများ ရှိနေ သော်လည်း ဆက်စပ်မှုများလည်းရှိနေသည်ဟု ကရင်နီတော်လှန်ရေးအင်အားစုများက ဆိုသည်။

ကရင်နီပြည်အတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ တော်လှန်ရင်း မတူညီမှု၊ ကွဲပြားမှုများကြား အတူ တကွ ယှဉ်တွဲနေထိုင်သွားကြမည့် နေရာဒေသ၊ နယ်မြေတစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ကာ တိုက်ပွဲ ဝင်နေကြ ခြင်းဖြစ်သည်ဟု ဆိုသည်။

Photo – KNDF