တော်လှန်ရေးဆရာတော်ဦးကေသရ ဆိုသူ၏ လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမူမှုများကို တူးဖော်ခြင်း
ကီရာရေးသည်။
“ရုန့်ရင်း ကြမ်းတမ်းတဲ့ အသုံးအနှုန်းများ ပါဝင်တဲ့အတွက် အသက် ၁၈ နှစ်အောက် ကလေးများ မဖတ်သင့်ပါ”
ပြီးခဲ့သည့် ဩဂုတ်လမှစတင်၍ နွေဦးဆရာတော်ဟုဆိုသည့် တော်လှန်ရေးဘုန်းကြီးတစ်ပါးဟုဆိုကာ လူသိများသော ဆရာတော်ဦးကေသရ၏ လိင်ပိုင်းဆိုင်ရာမဖွယ်မရာ ပြုမူမှုများသည် လူမှုကွန်ရက်တွင် တစတစ လူသိများလာခဲ့သည်။
လတ်တလောတွင် အဆိုပါဆရာတော်၏ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာကိစ္စများကို ထုတ်ဖော်ပြောကြား လာသူများထဲတွင် တော်လှန်ရေးတွင်ပါဝင်နေကြသည့် ရဲဘော်များနှင့် ထောက်ပို့များအပြင် လူမှုကွန်ရက်တွင် လူသိများသူများပါ ပါဝင်လာခဲ့သည်။
တော်လှန်ရေးတွင် ထောက်ပို့အဖြစ် ပါဝင်နေသူ အသက် ၁၆နှစ်အရွယ် ကလေးငယ်နှစ်ဦးသည်လည်း တော်လှန်ရေးဆရာတော်၏ လိင်ပိုင်းဆိုင်ရာ ပြောဆိုမှုများကိုကြုံတွေ့ခဲ့ရပြီး တစ်ဦးမှာ ထုတ်ဖော်ပြောဖို့ပင် ရှက်ရွံ ကြောက်ရွံနေခဲ့ပြီး ကျန်တစ်ဦးမှာ လူသိအောင် ထုတ်ဖော်ပြောကြား ခဲ့သည့်အတွက် တော်လှန်ရေးဆရာတော်နှင့် ၎င်းကိုအားပေးထောက်ခံသူပတ်ဝန်းကျင်မှ တိုက်ခိုက်ပြောဆိုမှုများကို ရင်ဆိုင်နေရသည်။
အသက်၁၆နှစ်အရွယ် ထောက်ပို့ လုပ်ဆောင်နေသူ ရေချယ်သည် ပြီးခဲ့သည့် မေလပိုင်းမှ စတင်၍ တော်လှန်ရေးဆရာတော်၏ မဖွယ်မရာပြောဆိုမှုများကို စတင်ကြုံတွေ့ခဲ့ရပြီး ဆရာတော်၏ ခြိမ်းခြောက်ပြောဆိုမှုများကြောင့် သူမ၏ အဝတ်ဗလာဖြင့် ဓာတ်ပုံများကိုပါ ဆရာတော်ဦးကေသရထံ ပို့ပေးခဲ့ရသည်။
“ညီမပုံတွေ သူ့ဆီပို့ပေးပြီးရင် အဲ့စကားပြောထားတာတွေအကုန်လုံးကို ပြန်ပြီး ဖျက်ချပစ်တယ်။ တော်တော်လဲရှက်ပြီး ဘာကိုမှ ပြန်မမြင်ချင်တာမို့ အကုန်ချက်ချင်း ပြန်ဖျက်ခဲ့တယ်။ အဲ့ဒါတွေကို တစ်ယောက်ယောက်မြင်သွားမလားဆိုပြီး အရမ်းလဲကြောက်ခဲ့တယ် ။ပုံတွေ ပို့ရတာလဲ ညီမစိတ်ထဲတော်တော်အဆင်မပြေဘူး သူစီစဉ်ပေးတဲ့ အဆောင်ကနေ ထွက်လာပြီးတဲ့နောက်မှာလဲ သူ့ဘက်ကနေ ကလေးရေ ဘာတွေလုပ်နေလဲ ဘုန်းဘုန်းစိတ်ပါနေလို့ ဆိုတာတွေ ပို့လာတဲ့အခါ ညီမ အဲ့စာတွေကို ချက်ချင်း ဖျက်ထုတ်ပစ်ခဲ့တယ် စာတွေအကုန် ဝင်မကြည့်ပဲနဲ့။ တော်တော်လေးစိတ်ဆင်းရဲခဲ့ တာပါ သူ့ဆီကနေ စာဝင်လာမှာကိုတောင် ကြောက်နေတဲ့စိတ်ကြီး ဖြစ်ခဲ့တာပါ”ဟု ရေချယ်က ပြောသည်။
ရေချယ်သည် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းအန္တရယ်ဖြင့် ရင်ဆိုင်နေရသည့်အတွက် နေထိုင်ရာ နေရာများကို အမျိုးမျိုးပြောင်းလဲ၍ ရှောင်တိမ်းနေရသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေးဆရာတော်က ၎င်းနှင့်အတူ ထိုင်းသို့လိုက်ရန် ကမ်းလှမ်းမှုကို သဘောတူခဲ့ပြီး ယခုနှစ် မေလပထမပတ်တွင် ရန်ကုန်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် တော်လှန်ရေးဆရာတော်သည်လည်း ရန်ကုန်သို့ ရောက်ရှိနေခဲ့ပြီး သူနဲ့တွေ့ရန် ပြောဆိုရာ တွင် ရေချယ်မှ အဖော်ခေါ်လာရန် ပြောသည့်အတွက် အဆိုပါအဖော်ဖြင့် အပြင်မှာ ခဏ ရှောင်တိမ်းနေရန် ဆရာတော်ဦးကေသရမှ ပြောဆိုခဲ့ပြီး ငွေ ၅၀၀၀၀ ကျပ် လွှဲပေးခဲ့သည်။ ထို့နောက် သုံးရက်လောက် အကြာတွင် ၎င်း၏ စီမံပေးမှုဖြင့် ရေချယ်မှ ရန်ကုန်ရှိ အဆောင်တစ်ခုတွင် နေထိုင်ခဲ့ရပြီး အဆိုပါ အဆောင်သို့ သူမ ရောက်ရှိချိန်မှ စတင်၍ ဆရာတော်ဘက်မှ လိင်ပိုင်းဆိုင်ရာကိစ္စများကို စတင်ပြောဆိုမှု လုပ်ဆောင်ခဲ့သည်ဟု သူမက ပြောသည်။
“ ဘာလုပ်နေလဲ ဘာလိုချင်လဲ ဘာတွေလိုအပ်လဲ အဲ့ဒါတွေမေးတယ် အဲ့မှာ ညီမက နေမကောင်းဖြစ်နေ တော့ ဆေးဝါးတွေလိုအပ်တယ်လို့ ပြောတဲ့အခါ သူကပေးမယ် အရင်ဆုံး ပုံတွေ ရိုက်ပို့ပါလားလို့ ပြော တယ် ညီမက အဲ့မှာ မပေးနဲ့တော့ ဘုန်းဘုန်းရတယ်လို့ ပြန်ပြောတဲ့အခါ တည်နေရာတွေ ပြန့်တတ် တယ်နော် သတိထား ဒီအချိန်မှာ အဖမ်းခံရရင် တစ်ခါထဲသေသွားမှာ သူတို့စစ်ဆေးတာတောင် ခံနိုင်မှာ မဟုတ်ဘူး ဆိုပြီး အဲ့လိုမျိုးတွေ ပြောတယ် ။ သူပုံတွေလဲ ပို့တယ် ညီမပုံတွေလဲ တောင်းတယ် သူ့ကိုဖက်ထားပေးပါလား သူအရမ်း အထီးကျန်နေလို့ အရမ်းအတူနေချင်လို့ သူနဲ့လာနေပေးပါလား ဆိုတာမျိုးတွေ ပြောတယ် တော်တော်လွန်လွန်ကျူးကျူးတွေလဲပြောပါတယ် တော်တော်ဆိုးဆိုးပါပဲ တချို့ဟာတွေဆိုရင် ပြန်တောင်မပြောပြတတ်လောက်အောင် တော်တော်ဆိုးပါတယ်”ဟု ရေချယ်က ၎င်းကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်အချို့ကို ပြောပြသည်။
လတ်တလော လူမှုကွန်ရက်တွင် တော်လှန်ရေးဆရာတော်ဦးကေသရ ဆိုသူနှင့် စကားပြောဆိုခဲ့မိရာမှ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာများ အပြောခံခဲ့ရကြောင်း ထုတ်ဖော်ပြောကြားလာသူများမှာ The Arakan Express News သတင်းဌာနမှ သတင်းထောက်တစ်ဦးလည်းဖြစ်ပြီး ထောက်ပို့ တစ်ဦးလည်းဖြစ်ကာ ယခင်က PDF ရဲမေ ဆေးသင်တန်းသူတစ်ဦးဖြစ်သူ အသက်၂၀ကျော် မသူဇာမြင့် ၊ အသက်၁၆နှစ် ထောက်ပို့တစ်ဦးဖြစ်သူ မရေချယ်၊ အသက် ၂၀ကျော် တော်လှန်ရေးထဲမှ လူလိမ်ဖော်ထုတ်ရေး ဂရု တာဝန်ရှိသူတစ်ဦးလည်းဖြစ်ပြီး ထောက်ပို့လည်းဖြစ်သူ မဘုံဘုံနှင့် ထောက်ပို့ မနန်းနန်းမိုးတို့ပင် ဖြစ်သည်။
တော်လှန်ရေးဆရာတော်ဦးကေသရနှင့် အဆိုပါအမျိုးသမီးများ ဆက်သွယ်မှုများ
တော်လှန်ရေးဆရာတော်ဦးကေသရသည် အဆိုပါ အမျိုးသမီးများနှင့် စကားပြောဖူး သိရှိဖူးသည်ဟု ၎င်းမှ အင်တာဗျုးတွင် ဖြေဆိုခဲ့သည်။ ဆရာတော်သည် The Arakan Express News သတင်းဌာနမှ သတင်းထောက်တစ်ဦးဖြစ်သူ မသူဇာမြင့်နှင့် ဇူလိုင် ၂၆ရက်တွင် သတင်းရုပ်သံအင်တာဗျူး လုပ်ဆောင်ခဲ့ ပြီး ယခုလို ၎င်းကို ထုတ်ဖော်ပြောကြားမှုများ လူမှုကွန်ရက်တွင် ပြန့်နှံလာချိန်တွင် အဆိုပါ ရုပ်သံ အင်တာဗျူးမှာ AI နှင့် လုပ်ဆောင်ထားခြင်းလည်းဖြစ်နိုင်ကြောင်း ငြင်းဆိုထားခဲ့သည်ကို ၎င်း၏ နွေဦးဆရာတော်Live ပေစ့်မှ တဆင့် ဖော်ပြထားချက်အရ သိရသည်။
သို့သော် ၎င်း၏ နွေဦးဆရာတော်ဟု အမည်ပေးထားသော တယ်လီဂရမ်အကောင့်တွင်မူ သူဇာမြင့်မှ ဘုန်းဘုန်းအား အင်တာဗျူးချင်လို့ဆိုပြီး ဇူလိုင်လ၂၄ရက်မှာစပြီး ဆက်သွယ်စကားလာပြောခဲ့သော စခရင်ရှော့အစစ်များ ဟူသောခေါင်းစဉ်ဖြင့် ၎င်းကို အင်တာဗျူးလုပ်ရန် လာရောက်ပြောဆိုထားသည့် စာများပါဝင်သော စခရင်ရှော့များကို စက်တင်ဘာလ ၁၀ရက်က တင်ထားခဲ့သည်ကိုလည်း တွေ့ရသည်။ သို့သော် အဆိုပါ စခရင်ရှော့များမှ စာများသည် ၎င်းအကောင့်အတုဟုငြင်းနေသော အကောင့်နှင့် ဆက်သွယ်စကားပြောဆိုမှုများဖြစ်နေကြောင်း မသူဇာမြင့်မှ ဝေဖန်ထောက်ပြချိန်တွင် အဆိုပါ စခရင်ရှော့များကို ၎င်း၏တယ်လီဂရမ်မှ ပြန်လည်ဖျက်ချသွားခဲ့သည်။
ထို့အပြင် ထောက်ပို့တစ်ဦးဖြစ်သူ မနန်းမိုးမိုးမှ ၎င်းလူမှုကွန်ရက်တွင် ထုတ်ဖော်ပြထားသည့် ဆရာတော်ဘက်မှ ပို့ထားသော “အရမ်းလှတယ်ကွာ လှလိုက်တာ”ဟူသော စာများသည် ဆရာတော်ဦးကေသရမှ သူကိုယ်တိုင် အဆိုပါစာများပို့ခဲ့ကြောင်း အင်တာဗျူးမေးမြန်းချိန်တွင် ဝန်ခံထားခဲ့သည်။
“ မရွေမိုးနဲ့တော့ စကားများတာ ရှိခဲ့တယ်။ နန်းမိုးမိုးနဲ့တော့ မရှိဘူးဗျ ။ ဘုန်းဘုန်းက အဲ့လို စကားအခြေအတင်တွေငြိခဲ့ဖူးတဲ့အတွက်ကြောင့် ဘုန်းဘုန်းက နန်းမိုးမိုးကို ဘလော့ပြီးတော့ ဘုန်းဘုန်းအကောင့်ကို ဖျက်လိုက်တာဗျ ။ ဘုန်းဘုန်းသာ မရိုးသားခဲ့ဘူးဆိုရင် အရမ်းလှတယ်ကွာ လှလိုက်တာဆိုတဲ့ စာတွေကို Unsent လုပ်ပြီးမှ ဘုန်းဘုန်းအကောင့်ကို ဖျက်မှာပေါ့”ဟု ဆရာတော်ဦးကေသရက ၎င်းရိုးသားခဲ့သည့်အတွက် အရမ်းလှတယ် လှလိုက်တာဟူသော စာများကို မဖျက်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ထို့ကြောင့် ၎င်းအကောင့်အတုဟု ငြင်းနေသည့် ကေသရအကောင့်သည် ၎င်းကိုယ်တိုင် အသုံးပြုခဲ့ပြီး အဆိုပါအကောင့်ကို ၎င်းကိုယ်တိုင် ဖျက်ပစ်ခဲ့သည်ဟု ဦးကေသရက အင်တာဗျူးတွင် ဝန်ခံပြောကြားထားခဲ့သည်။
ထောက်ပို့တစ်ဦးဖြစ်သူ အသက် ၂၀ ကျော်အရွယ် ဘုံဘုံသည်လည်း တော်လှန်ရေးဆရာတော်၏ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြောဆိုရန် ပစ်မှတ်အထားခံခဲ့ရသည့် သားကောင်တစ်ဦးဖြစ်ခဲ့သည်။ ဘုံဘုံသည် ၎င်းတာဝန်ယူဆောင်ရွက်နေသည့် တော်လှန်ရေးထဲမှ လူလိမ်ဖော်ထုတ်ရေးဂရုကို လူသိများစေရန် တော်လှန်ရေးအတွင်းရှိ လူသိများသူများနှင့် လိုက်လံဆက်သွယ်စကားပြောရာမှ တော်လှန်ရေးဆရာတော် ဦးကေသရနှင့် သိရှိခဲ့ရခြင်းဖြစ်သည်။ ဘုံဘုံသည် ယခု ဦးကေသရမှ အကောင့်တုဟု ငြင်းဆိုနေသော အကောင့်နှင့် စာဆက်သွယ်ခြင်း၊ ဖုန်း ၂နာရီကြာ ပြောဆိုခြင်းများရှိခဲ့ပြီး တော်လှန်ရေးဆရာတော်မှ ၎င်းတို့အဖွဲ့ထံသို့ အလှူငွေ ၁၅သိန်းတစ်ကြိမ်နှင့် ၃သိန်းတစ်ကြိမ် ပေးပို့ခဲ့ဖူးပြီး အလှူငွေရရှိသည့် ထိုင်းဘတ်ငွေကို မြန်မာငွေလဲလှယ်ရန် တော်လှန်ရေးဆရာတော် ဦးကေသရဆီမှ အကူအညီများ ရယူခဲ့ဖူးကြောင်း သိရသည်။
“ညီမ အလိုမတူပဲ အပြောခံရတာတွေ ရှိတယ် ဥပမာ ဧပြီလလောက်မှ စကားပြောရင်းနဲ့ သူက တော်တယ် ဘာညာ သူက ချီးကျူးတဲ့အခါကျရင် ညီမက ကျေးဇူးတင်ပါတယ် ဘုန်းဘုန်းပေါ့ ဒီတော်လှန်ရေးက တစ်ယောက်ထဲလုပ်လို့လဲ အဆင်မပြေဘူး အကုန်လုံးအတူတူ ဝိုင်းလုပ်ရမယ် ရှေ့ဆက်ကြမယ်လို့ ပြန်ပြောတဲ့အခါ သူ့ဘက်( ဘုန်းကြီး)ကနေ အတူတူတော့ မလုပ်ပါနဲ့ RS ကြီးနဲ့ဆိုတာမျိုးတွေနဲ့ ပြန်ပြောခဲ့တယ်။ ဘယ်လိုပြောရမလဲ သူ့ဘက်ကနေ တဖြည်းဖြည်းနဲ့ အသားယူပြီး ပြောတဲ့ပုံစံတွေ ယောကျာ်းလေးတစ်ယောက်က ဖွန်ကြောင်ပြီး ပြောတဲ့ပုံစံတွေ လုပ်လာတယ်။ ကောင်လေးနဲ့အပြင်မှာ တွေ့ဖူးပြီလား ဘယ်လိုတွေ့ဖြစ်ကြတာလဲ ဒါမျိုးတွေမေးတယ် ။ဘုန်းကြီးတစ်ယောက်အနေနဲ့ မမေးသင့်တာတွေ မပြောသင့်တာတွေ လုပ်လာတာမျိုးပေါ့။ အိပ်ရာပေါ်က ကိစ္စတွေကို စပ်စုမေးမြန်းတဲ့ပုံစံမျိုးတွေနဲ့ အဲ့ဒါဆို အပျိုလေးပေါ့ဆိုတာမျိုးတွေ ပြောတာတွေလဲ ရှိတယ်။ သူက ထိကပါးရိကပါး ပြောတဲ့ပုံစံမျိုးတွေလုပ်တယ်”ဟု ဘုံဘုံက ပြန်လည်ပြောပြသည်။
တော်လှန်ရေးဆရာတော် ဦးကေသရမှ ဘုံဘုံနှင့် ပတ်သက်၍ ပြောကြားရာတွင် ၎င်းအနေဖြင့် ဘုံဘုံကို ဒလန်ဟု ပြောဆိုခဲ့မိသည့်အတွက် ပြန်လည်၍ ချော့မော့သည့်အနေဖြင့် နွေးနွေးထွေးထွေး အပြုအမူအပြောအဆိုများသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဖွန်ကြောင်သည့် အခြေအနေ မဟုတ်ဟု ပြန်လည် ငြင်းဆိုခဲ့သည်။
“ဘုံဘုံကိုဆိုရင် ဘုန်းဘုန်းက ဒလန်လို့ ပြောဖူးတယ်။ အဲ့မှာ သူစိတ်ဓာတ်ကျပြီးတော့ သူ့အကောင့်မှာတင်တယ် ။ ဒီတော်လှန်ရေးမှာ အားတက်သရောလုပ်နေတဲ့ လူကြီးတစ်ယောက်က သူ့လို ကလေးမတစ်ယောက်ကို ဒလန်လို့ ပြောလိုက်တာ သူ့မှာ တော်တော်လေးခံစားရတယ် စိတ်ဓာတ်တွေ အများကြီးကျတယ် ဘာလုပ်လို့ ဘာကိုင်ရမလဲမသိဘူးဖြစ်တယ် အဲ့တော့ တော်လှန်ရေးကို နားပါတော့မယ်ဆိုပြီး သူရေးထားတယ် ။အဲ့တော့ ဘုန်းဘုန်းက စိတ်မကောင်းဖြစ်သွားတယ် သူမှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူက အသက်၂၀အရွယ်ပဲ ရှိသေးတဲ့ ကလေးမတစ်ယောက်ပဲဖြစ်တယ် အဲ့တော့ ငါ သူ့ကို တော်လှန်ရေးနဲ့ ထိခိုက်သွားတဲ့ ဒီစိတ်ကလေးကို မဖြစ်စေချင်ဘူး လူကြီးတစ်ယောက်အနေနဲ့ သွားတောင်းပန်မယ်ဆိုပြီးတော့ ဘုံဘုံလေးရေ တော်လှန်ရေးဆက်လုပ်ပါ ဘုန်းဘုန်းက ဒေါသထွက်လို့ ပြောမိတဲ့စကားတွေပါပေါ အဲ့ဒါကိုလဲ သူကိုယ်တိုင် စခရင်ရှော့ရိုက်ပြီး တင်ထားပါတယ် အဲ့ဒီမှာ ဘုံဘုံလေးရေလို့ သူ့ကို နွေးနွေးထွေးထွေးဖြစ်စေတဲ့ အသုံးအနှုန်းမျိုးနဲ့ ခေါ်တာကို ဘုန်းဘုန်းက ထိကပါးရိကပါး လုပ်တယ်တဲ့ ။ ထိကပါးရိကပါး လုပ်ရအောင်မောနင်း ဘုံဘုံလေးရေလို့ အကြောင်းမရှိအကြောင်းရှာ သွားပြောထားတာမှ မဟုတ်တာ ။ တော်လှန်ရေးဆက်လုပ်ပါကွာ ဘုန်းဘုန်းက ဒေါသထွက်လို့ပြောမိတာပါ ဘုန်းဘုန်းကြောင့်တော့ စိတ်မညစ်ပါနဲ့ ဘုံဘုံလေးရာဆိုပြီး နွေးနွေးထွေးထွေး ပြန်ချော့ထားတဲ့ စကားလုံးက ထိကပါး ရိကပါးပြောတဲ့စကားလုံးလား ကာမနဲ့ပတ်သက်တဲ့ စကားလုံးလား ။ ဘာကြောင့် ဒီစကားလုံးကိုသုံးထားတယ်ဆိုတာ သူတို့မကြည့်ဘူး။ အားတိုင်းယားတိုင်း ဘုံဘုံလေးရေလို့ ခေါ်နေတာမှ မဟုတ်တာ “ဟု တော်လှန်ရေးဆရာတော်ဦးကေသရက ပြောသည်။
၎င်းမှာ နာမည်ကြီးဘုန်းကြီးတစ်ပါးဖြစ်ပြီး လူသိများသည့် တော်လှန်ရေးဆရာတော်တစ်ဦးဖြစ်ကြောင်း ၎င်း၏ Live များမှတဆင့် အချိန်ပြည့်ပြောဆိုနေသော ဦးကေသရသည် ယခုပြဿနာများ ဖြစ်ပွားပြီးနောက် ၎င်း၏အကောင့်အစစ်ဟု ဖော်ပြခဲ့သော ဘလူးမတ်စ်အကောင့်သည် ဖော်လိုဝါ ၄၉၁၇ယောက်သာ ရှိနေခဲ့ပြီး ၎င်းအကောင့်အတုဟု ငြင်းဆိုနေသောကေသရအကောင့်သည် ဖော်လိုဝါ ၂၄၄၄၀အထိ ရှိနေသည်ကို တွေ့ရသည်။
ထို့အပြင် ဆရာတော် ဦးကေသရနှင့် အင်တာဗျူးမေးမြန်းချိန်တွင်လည်း အစပိုင်းတွင် ၎င်းမှ အကောင့်အတုများဖြင့် လုပ်ဆောင်နေသည့်အကြောင်းအရာအားလုံးကို ၎င်းအနေဖြင့် တာဝန်ယူမပေးနိုင်ကြောင်းများ ပြန်လည်ပြောဆိုခဲ့ပြီး နောက်ပိုင်း မေးခွန်းတွေ ထပ်ဆင့် အသေးစိတ် ထပ်မံ မေးမြန်းခဲ့ချိန်တွင် အဆိုပါ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာဟု ဖော်ထုတ်ခံရသည့် စခရင်ရှော့များသည် နှစ်ဦးနှစ်ဘက် အလိုတူ ပြောဆိုမှုများဖြစ်ကြောင်း ဆရာတော်ဦးကေသရမှ ပြန်လည်ပြောဆိုခဲ့ပြီး ယခုအချိန်မှ ဘာကြောင့် လူသိအောင် ထုတ်ဖော်နေရသလဲဟု ပြန်လည်မေးခွန်းထုတ်ခဲ့သည်။
“အဲ့ဒီစခရင်ရှော့တွေထဲမှာ တစ်ဖက်က ပြောထားတဲ့ စခရင်ရှော့တွေကိုပဲ အသားပေးရိုက်ပြီးချပြတာ တွေ့ရတယ် ။သူတို့ဘက်က ပြန်ပြောထားတဲ့ စခရင်ရှော့တွေကို ချပြတာ မတွေ့ရဘူး။ ဒါက တစ်ဦးတစ်ယောက်ထဲက ပြောတဲ့ စကားမျိုး မဟုတ်ဘူး။ နှစ်ဦးနှစ်ဘက်လုံးကပြောထား ဆိုထားကြတဲ့ စကားတွေ ။ သူတို့တွေကလဲ မယ်မယ်ရရ လူပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ဒီတိုင်း လူတစ်ယောက်က မက်ဆင်ဂျာမှာ အဲ့လိုစကားတွေလာပြောရင် တဖက်က လက်ခံမလား ။ အဲ့တော့အမျိုးသမီး တစ်ယောက်အနေနဲ့ သူတို့၂၀၂၁က လက်ခံထားတယ် ၂၀၂၂က လက်ခံထားတယ် သူတို့လဲ အားရပါးရကြီး ဒါတွေကို ပြန်ပြောနေတယ် အခုကျမှ ဒါတွေကို ဘာလို့ ချပြနေတာလဲ”ဟု ၎င်းက ပြန်လည် မေးခွန်းထုတ်ခဲ့သည်။
လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး ကျူးလွန်ခံရသူများသည် ချက်ချင်း ပြဿနာကိုရင်ဆိုင်နိုင်ကြသူများမှာ နည်းပါးကြပြီး ကျုးလွန်သူ၏ အရှိန်အဝါ အာဏာကို ကြောက်ရွံခြင်းများနှင့် မိမိကိုယ့်ကို ပြန်လည်အပြစ်တင်ခြင်းများ ဖြစ်ပေါ်တတ်ကြပြီး အဆိုပါ စိတ်ခံစားချက်များကို ကျူးလွန်သူများမှ ပြန်လည်အသုံးချကာ နှစ်ဦးနှစ်ဘက် သဘောတူလုပ်ဆောင်မှု သဘောသက်ရောက်အောင် ပြောဆိုတတ်ကြပြီး ကျုးလွန်ခံရသူ (နစ်နာသူ)မှာ မိမိကိုယ့်ကို ပိုမိုအပြစ်တင်လေ့ရှိကြကြောင်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။
နစ်နာသူများသည် ၎င်းတို့ကြုံတွေ့ခဲ့ရသည်များကို ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် “ဘုန်းကြီး က ဖင်ချပြီးပြီလား ဖင်မချရသေးရင် ဘာမှမဖြစ်ဘူး”ဟူသော စကားလုံးများ၊ နင် အဲ့တုန်းက မွှန်နေတာလား “ဟူသော စကားလုံးပေါင်းများစွာဖြင့် ထပ်မံရင်ဆိုင်တိုက်ခိုက်ခံရပြီး လူမျိုးရေး ဘာသာရေး ဖိနှိပ်ပြောဆိုမှုများနှင့် ဘုန်းကြီးကိုမြုစွယ်သည်ဟူသော စွပ်စွဲချက်များကိုပါ အသက်မပြည့်သေးသည့် အမျိုးသမီးများနှင့် အသက်၂၀ ကျော် အမျိုးသမီးများက ထပ်မံရင်ဆိုင် ခံစားနေခဲ့ရသည်။
မသူဇာမြင့်သည်လည်း တော်လှန်ရေးဆရာတော်၏ လိင်ပိုင်းဆိုင်ရာပြောဆိုမှုများမှာ မိမိအနေအထိုင်မတတ်၍ ဖြစ်ခဲ့ရသည်ဟုသာ တွေးတောခဲ့မိသည်ဟုဆိုသည်။
“ညီမက ဆိုးဆိုးဝါးဝါးကြီး အပြောခံရတာ မဟုတ်ပါဘူး သူပါးစပ်သရမ်းတာလောက်ပဲ ခံရတာ ညီမက အရမ်းကြီး ဆိုးဝါးတဲ့အထဲမှာ မပါဘူးပေါ့နော်။ အစကတော့ သူက ဘုန်းကြီးတစ်ပါးလည်းဖြစ်တယ် တော်လှန်ရေးထဲမှာလည်း ပါဝင်နေတယ်ဆိုတော့ ဒါကို ထားလိုက်ပါမယ်ပေါ့ ပြီးတော့ ညီမဘက်က အနေအထိုင်မတတ်လို့ သူ့ဘက်က ကျူးလွန်တာပါလေဆိုတဲ့ စိတ်နဲ့ပဲ လျော်ပေးခဲ့တယ်။ တော်လှန်ရေးကိစ္စနဲ့ပဲ ပတ်သက်မယ် အနေအထိုင်ဆင်ခြင်ပြီး နေလိုက်မယ်ဆိုပြီးပဲ တွေးလိုက်တယ်။ ဒါပေမယ့်တခြားသူတွေလဲ ဒါကိုခံနေရတယ် အသက်မပြည့်သေးတဲ့ ကလေးတွေလဲ ပါနေတယ်ဆိုတော့ အဲ့အချိန်မှာ ကိုယ့်မှာလဲ သက်သေအခိုင်အမာရှိနေတော့ ကိုယ်ထုတ်ဖော်ပြောကြားသင့်ပါတယ်ဆိုပြီး ပြောပြဖြစ်သွားတာပါ”ဟု မသူဇာမြင့်က ပြောသည်။
အသက် ၁၆နှစ်အရွယ် ရေချယ်သည်လည်း ၎င်း၏ ဝတ်လှစ်စလစ်ပုံများ ပို့ပေးခဲ့ရသည့်အတွက် ရှက်ရွံမှု ကြောက်လှန့်မှုများဖြင့် အချိန်အတော်ကြာနေခဲ့ရသည့်အပြင် ၎င်း၏ ဇာတိနေရပ်လိပ်စာများနှင့် အလုပ်နေရာများကို ဆရာတော်မှ သိရှိနေခဲ့သည့်အတွက် ၎င်းနှင့် အဖွဲ့ဝင်များအပါအဝင် မိသားစု အတွက်ပါ စိတ်ပူပန်သောကများနှင့် နေထိုင်ခဲ့ရသည်။
“အဆောင်မှာနေတုန်းက ညီမပုံတွေလဲ ပို့ပေးခဲ့ရပါတယ်။ တစ်ပတ်လောက်နေတော့ အဲ့အဆောင်မှာ ဆက်မနေနိုင်တော့လို့ ထွက်လာခဲ့တယ် သူ့ကိုတော့ ပြတ်ပြတ်သားသား မငြင်းရဲလို့ ထိုင်းကိုလိုက်ဖို့ မှတ်ပုံတင်လဲမရှိ ပတ်စပိုစ့်လဲမရှိလို့ လိုအပ်တာတွေလုပ်လိုက်ဦးမယ်ဆိုပြီး ဇာတိမြို့ကို ပြန်လာခဲ့တာပါ။ အဲ့နောက်ပိုင်းတော့ ပုံတွေ ထပ်မပို့တော့ပါဘူး သူကတော့ ဆက်တိုက်တောင်းပါတယ် မေလကနေ စတောင်းတာက ဩဂုတ်လ၂၄ရက်နေ့အထိ သူပုံတွေ လာတောင်းနေတုန်းပါပဲ”ဟု ရေချယ်က ပြောသည်။
ဩဂုတ်လတွင် အေအန်န်အမ်မ်တီ မှ တော်လှန်ရေးဆရာတော်၏နောက်ကွယ်ကိစ္စရပ်များကို စတင်ဖော်ထုတ်ခဲ့ရာမှ ရေချယ်သည်လည်း ၎င်း၏အဖြစ်အပျက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး ကျန်အမျိုးသမီးများသည်လည်း အသီးသီး ၎င်းတို့တွေ့ကြုံခဲ့ရသည်များကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဝန်းရံပေးခဲ့ကြခြင်း ဖြစ်သည်။
ဘုန်းကြီးတစ်ပါးအနေဖြင့် မိန်းမအတွင်းအင်္ဂါများကိုပြောဆိုခြင်းသည် သံဃာဒိသိသ်သင့်နိုင်ပြီး အတ္တကာမပါရိစရိယာက မိန်းမဆီက မေထုန်မှုတောင်းပါက သံဃာဒိသိသ်သင့်နိုင်သည်ဟု ဒေါက်တာဘွဲ့ရ ဆရာတော်တစ်ဦးက မိန့်သည်။ သို့သော်အတူနေသည့်အဆင့်မဟုတ်သည့်အတွက် ပါရာဇိကမကျဘဲ သံဃာ့ဝိနည်းအရ သံဃနာယကအဖွဲ့ထံမှ အပြစ်ပေးတာကိုသာ ခံယူပြီး အာပတ်ဖြေရုံဖြင့်ရနိုင်ကြောင်း ကျမ်းဂန်များတွင် ဖော်ပြထားသည်ဟု သိရှိရသည်။ သို့သော် နိုင်ငံဥပဒေအရ ရာဇဝတ်မှုမြောက်ပါက ဥပဒေကြောင်းအရ တရားစွဲနိုင်ကြောင်း ၎င်းက ထပ်မံ မိန့်ကြားခဲ့သည်။
NUG အစိုးရ အမျိုးသမီးနှင့် လူငယ်ရေးရာ ဒုဝန်ကြီး မအိသဉ္ဇာမောင်မှလည်း ၎င်း၏လူမှုကွန်ရက် မှတဆင့် “တော်လှန်ရေးမှာ power abuse ဆိုတဲ့ လွှမ်းမိုးမှု့ ပါဝါ တွေကိုပါ အသုံးပြုပီး လိင်ပိုင်း ဆိုင်ရာ စော်ကားမှု့ ၊ အကြမ်းဖက်မှု စတဲ့ ကိစ္စများကို မပြုလုပ်ကြဖို့ လိုသလို ဒီလို ကိစ္စမျိုးတွေ ကို အဂတိတရား ( ၄)ပါး ကင်းကင်း နဲ့ ဆောင်ရွက်ဖို့ လိုပါတယ်။ မဖြစ်လာဖို့အတွက် ကြိုတင်ကာကွယ် နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ Power abuse ကို သုံးပီး sexual harassment လုပ်ခြင်းဟာလဲ Zero tolerant ပါပဲ။ ဖိနှိပ်မှုကင်းပြီး တရားမျှတမှု ရှိတဲ့ လောက ကို တည်ဆောက်ဖို့ စစ်အာဏာရှင် စနစ်ဆိုး နဲ့ အတူ အထက်ပါ အမူအကျင့်တွေပါ တိုက်ထုတ်ဖို့ စကားပါးလိုက်ပါတယ်”ဟု စက်တင်ဘာ ၈ ရက်က ထုတ်ပြန်ထားခဲ့သည်။
ဒီလို တော်လှန်ရေးဆရာတော် ဦးကေသရထံမှာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာတွေ ပြောဆိုခံရကြောင်း ဒီကိစ္စကိုကူညီဝန်းရံပြီး လိုက်ပါဆောင်ရွက်နေသူဆီမှာ လာရောက်ပြောဆို သက်သေခံသူဟာ ခုနှစ်ဦးအထိ ရှိနေခဲ့ပြီး တခြား တရားဝင်ထုတ်ဖော်မပြောပဲ လျှိူ့ဝှက် ဆက်သွယ်သတင်းပေးတဲ့ အမျိုးသမီးတွေလဲ ရှိနေတယ်လို့ သိရပါသည်။ ကျူးလွန်ခံရသူအများစုသည် အသက်အရွယ်ငယ် ရွယ်သူများဖြစ်ကြပြီး pdf ထောက်ပို့လုပ်ဆောင်ကြသူများ၊ သမဂ္ဂကျောင်းသူများနှင့် ပြည်တွင်းတွင် ရှိသော တော်လှန်ရေးဘက်တော်သားအမျိုးသမီးများဖြစ်ကြောင်း အဆိုပါကိစ္စကို လိုက်ပါ ကူညီနေသူ ကိုခန့်ကိုက ပြောပြသည်။
“ ဒီအမှုနဲ့ပတ်သက်ပြီး အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ် ဝန်ကြီးဌာနက ကာယကံရှင်နစ်နာသူအမျိုးသမီးတွေနဲ့တွေ့ဆုံပြီး သက်သေအချက်အလက်ထွက်ဆိုချက်တွေကို ရယူသွားပါပြီ။ ဝန်ကြီးဌာနကတဆင့် NUG တရားရေးကို တင်ပြဖို့ ဆက်လုပ်နေပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့အပြင် လတ်တလောတွင် နစ်နာသူ အမျိုးသမီးများကို ဝန်းရံပေးလိုသူများ ဂရုကို စက်တင်ဘာ ၁၇ရက်က လုပ်ဆောင်ထားကြပြီး တစ်ပတ်အတွင်း ဝန်းရံသူ လူပေါင်း ၁၉၀၀ခန့်အထိ ရှိနေကြပြီး နစ်နာသူအမျိုးသမီးများကို အားပေးစကား ပြောကြားမှုများကို နေ့စဉ်ရေးသားမှုများ ရှိနေသည်ကို တွေ့ရသည်။
ထို့အပြင် တော်လှန်ရေးဆရာတော် ဦးကေသရမှာလည်း ၎င်း၏ နွေဦးဆရာတော် အမည်ဖြင့် တယ်လီဂရမ်ကို စက်တင်ဘာ၁၈ရက်တွင် SYDဟု အမည်ပြောင်းလဲခဲ့ပြီး စက်တင်ဘာ ၁၉ရက်တွင် ဖြဲကြီးဟု အမည်ပြောင်းလဲကာ ထိုနေ့တစ်ရက်တည်းမှာပင် ပြည်သူ့ဟစ်တိုင်ဟု ပြန်လည်အမည်ပြောင်းခဲ့ သည်ကိုတွေ့ရသည်။
ထို့အပြင် တော်လှန်ရေးဆရာတော် ဦးကေသရမှာလည်း ၎င်း၏ နွေဦးဆရာတော် အမည်ဖြင့် တယ်လီဂရမ်ကို စက်တင်ဘာ၁၈ရက်တွင် SYDဟု အမည်ပြောင်းလဲခဲ့ပြီး စက်တင်ဘာ ၁၉ရက်တွင် ဖြဲကြီးဟု အမည်ပြောင်းလဲကာ ထိုနေ့တစ်ရက်တည်းမှာပင် ပြည်သူ့ဟစ်တိုင်ဟု ပြန်လည်အမည်ပြောင်းခဲ့ သည်ကိုတွေ့ရသည်။
အဆိုပါ တယ်လီဂရမ်တွင်လည်း ၎င်းကို ဝေဖန်သူများနှင့် ယခုနစ်နာသူအမျိုးသမီးများကို ထပ်မံ ထိခိုက်စေသည့် အရေးအသားများ ဆက်တိုက်ရေးသားနေခဲ့ပြီး ၎င်းကို အားပေးထောက်ခံသူများနှင့် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမူမှုများကို အားပေးထောက်ခံသည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးဆောင်ရွက် လျက်ရှိနေသည်ကို တွေ့ရသည်။
အဆိုပါ တယ်လီဂရမ်တွင် “စိဉ္စမာန အမျိုးယုတ်တွေကို သတိပြုပါ ဘုရား၊ ကောင်မတွေ တော်တော် ဖင်ယားနေကြတာလား အစရှိသဖြင့် ၎င်းကိုထောက်ခံပြောဆိုမှုများကို စခရင်ရှော့များဖြင့် ပြန်လည်ဝေမျှခြင်း ၊ ပတ္တရားကြက်မက နှာဘူးတစ်သိုက်ကို ဖင်တွေရင်တွေပြပြီး အလှူခံနေတာဟူသော စာသားများဖြင့် ပုံများတွဲတင်ခြင်း၊ ရေချယ်လေးက ကျန်တာတွေကျတော့ လုံခြုံရေးအရဆိုပြီး အကုန်ဖျက်ပစ်တယ် ဒါကြီးကျတော့ ဘာလို့ မဖျက်ပဲ သိမ်းထားရတာလဲ” ဟူသော စာသားဖြင့် အမျိုးသားလိင်အဂ်ါပုံကို တင်ထားခြင်း စသဖြင့် ရိုင်းစိုင်းသည့် မှတ်ချက်များဖြင့် ရေးသားမှုများကို ပိုမိုလုပ်ဆောင်လျက်ရှိနေသည်။
နစ်နာသူအမျိုးသမီးတွေကတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဆက်လက် ပြောကြားလိုခြင်း မရှိတော့ပဲ လူမှုကွန်ရက်တွေကနေလည်း တချို့က တိတ်တဆိတ် ဖယ်ခွာနေလျက်ရှိနေပြီး အင်တာဗျူး သွားရောက်မေးမြန်းခဲ့ချိန်တုန်းကလဲ ၎င်းတို့စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားလိုတဲ့အတွက် ဒါက နောက်ဆုံး ဖြေပေးဖြစ်တဲ့ အင်တာဗျူးတစ်ခုပဲ ဖြစ်မယ်လို့ ပြန်လည်ပြောဆိုခဲ့ကြသည်။